ရုရှားက သဘောတူခဲ့သော စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦများအပေါ် တိုက်ခိုက်မှု ရပ်စဲရေး အမေရိက၏ အဆိုပြုချက်ကို ယူကရိန်းအနေဖြင့် ကျေနပ်မှုရှိသော်လည်း ပထမဦးစွာ ထရမ့်ပ်ထံမှ အသေးစိတ်အခြေအနေများပိုမိုသိရရန် လိုအပ်သေးသည်ဟု ယူကရိန်းသမ္မတ ဇလန်းစကီးက မတ် ၁၈ ရက်တွင် ပြောကြားလိုက်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဖုန်းဆက်သွယ် ပြောဆိုမှုအပြီး အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ဇလန်းစကီးက ပြောဆိုရာ၌ မစ္စတာ ပူတင်သည် ယူကရိန်းကို အားနည်းသွားစေလိုကြောင်းနှင့် စစ်ပွဲအဆုံးသတ်ရေး အသင့်မဖြစ်သေးကြောင်း ဆိုခဲ့သည်။
“မေရိကန်သမ္မတဆီက၊ အမေရိကဘက်က အသေးစိတ်အချက်အလက်တွေ ရပြီးရင် ကျွန်တော်တို့ အဖြေပေးပါမယ်” ဟု သူက စွမ်းအင်ကဏ္ဍအပေါ် အပစ်ရပ်ရေးကိစ္စနှင့် ပတ်သက်၍ သတင်းထောက်များကို ပြောကြားခဲ့သည်။
“မော်စကိုက ဒါကို လိုက်နာနေသရွေ့ ကျွန်တော်တို့က စောင့်ထိန်းသွားမှာပါ” ဟု သူက ဆိုခဲ့ပြီး အမေရိကသည် အကောင်အထည်ဖော်မှုကိုအာမခံသူဖြစ်သင့်သည်ဟု ဆက်လက် ပြောဆိုခဲ့သည်။
သမ္မတထရမ့်ပ်နှင့် စကားပြောကြည့်ပြီး ရုရှားသို့မဟုတ် အမေရိက,က မည်သို့မည်ပုံကမ်းလှမ်းချက်များ ရှိခဲ့သည်ဆိုသည်ကို အသေးစိတ်သိရမှသာလျှင် သင့်တော်မှန်ကန်မည်ဟု မိမိ ထင်ပါကြောင်း ဇလန်းစကီးက ပြောကြားခဲ့သည်။
ထရမ့်ပ်နှင့် ဖုန်းခေါ်ပြောဆိုပြီးနောက် ယူကရိန်း၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦများအပေါ် တိုက်ခိုက်မှုများကို ရက် ၃၀ ရပ်ဆိုင်းထားရန် ပူတင်က သဘောတူခဲ့ကြောင်း၊ သို့သော်လည်း ကျယ်ပြန့်သော အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကိုမူ လက်ခံခဲ့ခြင်းမရှိသေးကြောင်း ခရမ္မလင်က ထုတ်ပြန်ပြောဆိုခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်