စွန့်ပစ်အပူသုံးဓာတ်အားပေးစက်အရေးပေါ်စက်ရပ်သွားကာ အခြားဓာတ်အားပေးစက်များ ထိန်း သိမ်းပြုပြင်နေသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့ နယ်အချို့၌ အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်နေ
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစု၌ လတ် တလောတွင် လျှပ်စစ်ဓာတ်အားများပြတ်တောက်လျက်ရှိသဖြင့် ယင်းသို့ ပြတ်တောက်ရသည့်အ ကြောင်းရင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း ဓာတ်အားထုတ်လွှတ်ပေးထားသည့် ဓာတ်အားပေးစက်များအနက် အလုံ CECC ဓာတ်အားပေးစက်မှ စွန့်ပစ်အပူသုံးဓာတ် အားပေးစက်(၁)လုံးသည် စက်တင်ဘာ ၃ ရက် (ယနေ့)နံနက်ပိုင်းက အရေးပေါ်စက်ရပ်တန့်သွားခဲ့သဖြင့် ဓာတ်အားထုတ်လွှတ်ပေးနိုင်မှု(55)MW ခန့်လျော့နည်းနေသည်ဟု YESC ကအသိပေးခဲ့သည်။
အလားတူ သာကေတ U Energy ဓာတ်အားပေးစက်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေသဖြင့် ဓာတ်အားထုတ်လွှတ်ပေးနိုင်မှု(106)MW ခန့်၊ အလုံ TOYO THAI ဓာတ်အားပေးစက်မှ ဓာတ်အားပေးစက်(၁)လုံး ထိန်းသိမ်းပြုပြင်နေ၍ (55)MW ခန့်၊ ရွှေလီရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံမှ ဓာတ်အားပေးစက်(၁)လုံး ထိန်းသိမ်းပြုပြင်နေသဖြင့်(100)MW ခန့်လျော့နည်းနေ သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လွှတ်ပေးနိုင်မှုမှာလည်း လျော့နည်းလျက်ရှိသည်ဟု YESC ကအသိပေးထုတ်ပြန်ခဲ့သည်။
အလားတူ ယခုသီတင်းပတ်အတွင်း ရာသီဥတုအပူချိန်မြင့်တက်လာသဖြင့် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲဝန်အားမြင့်တက်လျက်ရှိသည်ဟု YESC ၏အသိပေးထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန်ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲဝန်အားများသည့် အချိန်များ၌ အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများကို ဆောင်ရွက်နေရသည်ဟု အသိပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်နေရာအချို့တွင် အချိန်ပိုင်းယာယီဓာတ် အားပြတ်တောက်မှုများရှိမည်ဖြစ်ကာ အရေး ကြီးနေရာများ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားမည်ဟု YESC ကအသိပေးထုတ်ပြန်ခဲ့သည်။