စံချိန်တင် နေ့အပူချိန် ၄၅ ဒဿမ ၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့သည့် မကွေးတိုင်း၊ ချောက်မြို့တွင် ဧပြီ(၂၇) ရက်က ၄၄ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်သို့ ပြန်လည်ကျဆင်းလာခဲ့ကြောင်းနှင့် ယင်းသည် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိ ပိုနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ အသိပေးချက်အရ သိရသည်။
ဧပြီ(၂၆)ရက်က နေ့အပူချိန် စံချိန်တင်မြင့်တက်ခဲ့သည့်ချောက်မြို့သည် ဧပြီ(၂၇)ရက် တစ်ရက်အတွင်း ၁ ဒီဂရီစင်တီဂရိတိပြန်လည်ကျဆင်းခဲ့ခြင်းလည်းဖြစ်သည်။
အလားတူ ထူးခြားသည့် နေ့အပူချိန်များအဖြင့် တောင်တွင်းကြီးမြို့နှင့် မြင်းမူမြို့တို့တွင် ၄၃ ဒဿမ ၀ ဒီဂရီစင်တီဂရိတ်၊ ဂန့်ဂေါမြို့တွင် ၄၂ ဒဿမ ၈ ဒီဂရီစင်တီဂရိတ် ၊ မကွေးမြို့တွင် ၄၂ ဒဿမ ၅ ဒီဂရီစင်တီဂရိတ် ၊ မင်းဘူးမြို့တွင် ၄၂ ဒဿမ ၄ ဒီဂရီစင်တီဂရိတ်၊ ရမည်းသင်းမြို့နှင့် အောင်လံမြို့တို့တွင် ၄၂ ဒဿမ ၃ ဒီဂရီစင်တီဂရိတ်တို့တွင် ရှိသည်ဟု အသိပေးချက်အရ သိရသည်။
ထို့နည်းတူ တံတားဦး (လေကြောင်းမိုးလေဝသ)တွင် ၄၂ ဒဿ မ ၁ ဒီဂရီစင်တီဂရိတ်နှင့် တောင်ငူမြို့၊ ပခုက္ကူမြို့နှင့် မုံရွာမြို့တို့တွင် ၄၂ ဒဿမ ၀ ဒီဂရီစင်တီဂရိတ်တို့တွင် ရှိကြောင်း သိရသည်။
ယနေ့ ဧပြီ(၂၈)ရက် နေ့အပူချိန်များအနေဖြင့် နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိ ပိုနေပြီး ၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်း ပြည်နယ် (တောင်ပိုင်း)တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိကြောင်း မိုး/ဇလ၏ မှတ်တမ်းများအရ သိရသည်။