မြန်မာအပါအဝင် နိုင်ငံအများစုတွင် လက်ဟောင်းစီးကရက်ထုတ်ကုန်များ တင်ပို့ရောင်းချမှုအပေါ် ကန့်သတ်မှုများကြောင့် E-စီးကရက်၊ ရှီရှားရေပြောင်းကဲ့သို့ ထုတ်ကုန်အသစ်များကို ဆေးလိပ်နှင့်ဆေးရွက်ကြီး ကုမ္ပဏီများက ပြောင်းလဲတင်ပို့ရောင်းချလာ၍ လိုအပ်သော ထိန်းချုပ်မှုများ ချမှတ်ဆောင်ရွက်ရန်လိုအပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ WHO Fact Sheet on World No Tobacco Day (2023) အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။
လက်ရှိ ဆေးလိပ်နှင့်ဆေးရွက်ကြီး ကုမ္ပဏီများက ကန့်သတ်မှုများကြောင့် E-စီးကရက်၊ ရှီရှားရေပြောင်း(Shesha)နှင့် ဆေးရွက်ကြီးကို အပူပေးထားသော ကိရိယာ (Heated Tobacca Products) စသော ထုတ်ကုန်ပစ္စည်းအသစ်များကို တင်ပို့ရောင်းချလာကြကြောင်းနှင့် ယင်းပစ္စည်းများကို လက်ရှိ မြန်မာ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ခန့်တွင် ရောင်းချလျက်ရှိပြီး သုံးစွဲသူဦးရေ အထူးသဖြင့် လူငယ်များသုံးစွဲမှုသည် တိုးပွားလျက်ရှိကြောင်းလည်း သိရသည်။
ယင်းပစ္စည်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် အမျိုးအစားကွဲပြားစုံလင်စွာ ထုတ်လုပ်ခြင်းကြောင့် အမျိုးအစားခွဲခြားသတ်မှတ်ရန် ခက်ခဲသဖြင့် ထိန်းချုပ်ရေးနည်းလမ်းများ ချမှတ်ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများရှိနေကြောင်းနှင့် အဆိုပါ ကုန်ပစ္စည်းများကို ဆေးလိပ်၊ ဆေးရွက်ကြီးထိန်းချုပ်ရေးဥပဒေပါ ထိန်းချုပ်မှုများနှင့် အကျုံးမဝင်သည့် ကုန်စည်များအဖြစ် အသွင်ယူ၍ စျေးကွက်ချဲ့ထွင်လျက်ရှိကြောင်းလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ကြောင့် ကျန်းမာရေးနှင့် သဘာ၀ပတ်ဝန်းကျင်ဆိုးကျိုးများကို ဖြစ်ပေါ်စေသည့် အီလက်ထရွန်နစ် နီကိုတင်းနှင့် ဆေးရွက်ကြီးထုတ်ကုန်အသစ်များအတွက် လိုအပ်သော ထိန်းချုပ်မှုများကို နိုင်ငံတိုင်းက ကြပ်ကြပ်မတ်မတ် ချမှတ်လုပ်ဆောင်ရန် လိုအပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းပြောကြားထားသည်။
E-စီးကရက်တွင် အန္တရာယ်ရှိသည့်ပစ္စည်းများဖြစ်သည့် နီကိုတင်း၊ ကင်ဆာဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများ၊ သာမန်မျက်စိဖြင့်မမြင်နိုင်သည့် အမှုန်များ၊ အငွေ့ပြန်လွယ်သော အော်ဂဲနစ် ဒြပ်ပေါင်းများ၊ အဆုတ်ကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် ရနံ့၊ အရသာပေးသော ဓာတုပစ္စည်းများ၊ နီကယ်၊ သံဖြူ၊ ခဲသား စသည့်သတ္တုပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှုကြောင့် နှစ်စဉ် လူဦးရေ ၆၄၀၀၀ ခန့် ရောဂါဖြစ်ပွား၍ အသက်ဆုံးရှုံးနေရပြီး ၂၀၁၆ ခုနှစ်တွင် နိုင်ငံအနေဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှုကြောင့် ဖြစ်ပွားသောရောဂါများအတွက် ကျန်းမာရေးအသုံးစရိတ် မြန်မာကျပ်ငွေ ၃၀၇ ဒသမ ၄ ဘီလျံ အကုန်ကျခံခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်အရ သိရသည်။