ပြီးခဲ့သည့်အပတ်က ရောင်းချရမည့်ဈေးထက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အနည်းငယ် ပြန်လည်တက်ခဲ့ပြီး ယခုတစ်ပတ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၆ ဇန်နဝါရီ ၁ ရက်အထိရောင်းချမည့်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၆,၀၆၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်အပတ်ဖြစ်သည့် ဒီဇင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ဈေးနှုန်းမှာ ကျပ် (၆,၀၅၀)ဖြစ်ပြီး ယခုတစ်ပတ်တွင် (၁၀) ကျပ်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆,၁၁၅ ကျပ်ဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ (၅) ရက် မှ (၁၁) ရက်ထိ ဈေးမှာ တစ်ပိဿာ ကျပ် ၆,၁၄၀ ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိသာ ကျပ် (၆,၅၈၅) ကျပ်မှ အခု ဒီဇင်ဘာ ဒုတိယအပတ်တွင် ကျပ် (၆,၁၄၀) ထိ ဈေးနှုန်းဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိသာကို ကျပ် (၄၅၀) ဝန်းကျင်အထိ ကျဆင်းလာခြင်းဖြစ်သည်။
စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။
ပြည်ပမှစာအုန်းဆီကို ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပိုသည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။
