ပြည်သူများ စားအုန်းဆီဝယ်ယူရာ၌ တစ်ပိဿလျင် စျေးကွက်ပေါက်စျေး (၁၈,၀၀၀)ကျပ်မှ (၂၀,၀၀၀) ကျပ်ကြားပေး၍ဝယ်ယူနေရခြင်းကိုစိစစ်လျက်ရှိသည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။
နိုင်ငံတော်မှ စားသုံးဆီဖူလုံရေးကိုအလေးထားဆောင် ရွက်လျက်ရှိကာ စားသုံးဆီလိုအပ်ချက်မပြတ်လပ်စေရန်နှင့် စျေးကွက်တည်ငြိမ်စေရန် နိုင်ငံခြားငွေအခြေအ နေကိုချင့်ချိန်ပြီး စားအုန်းဆီများကိုဆက်တိုက်တင်သွင်းပေးလျက်ရှိသည်ဟု ပြောသည်။
” ပြည်သူတွေရဲ့စားသုံးဆီလိုအပ်ချက်ကိုဖြည့်တင်းပေးဖို့ နိုင်ငံတော်က တစ်လကို စားအုန်းဆီတန်ချိန်(၅) သောင်းကျော်တင်သွင်းပေးနေပါတယ်။ တစ်တန်ကို အမေရိကန်ဒေါ်လာ(၁,၁၅၀)ဖြစ်တာကြောင့် အမေရိကန်ဒေါ်လာ(၅၈)သန်းကျော်အကုန်အကျခံပြီးဆောင်ရွက်ပေးနေပါတယ်။ တင်သွင်းလာတဲ့ စားအုန်းဆီတွေကိုလည်း သတ်မှတ်ရည်ညွှန်းစျေးနှုန်းနဲ့ဖြန့်ဖြူးပေးနေပါတယ်”ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
စားသုံးဆီဝယ်ယူခွင့်စာအုပ်ရှိသူများ သက်သာသောစျေးနှုန်းနှင့်ဝယ်ယူနိုင်ရန်စီစဥ်ပေးထားသော်လည်း အချို့ ပြည်သူများမှာ စျေးကွက်ထဲ၌ စျေးနှုန်းအမြင့်ဖြင့်ဝယ်ယူနေရခြင်းများရှိနေသည်ကိုတွေ့ရသည်ဟု ပြောကြားသည်။
နိုင်ငံတော်မှ ဆီတစ်ပိဿာလျင် (၇,၀၀၀)ကျပ်မှ (၉,၀၀၀)ကျပ်ကြားရောင်းချပေးနေသော်လည်း စားသုံးဆီဝယ်ယူခွင့်စာအုပ်နှင့်မဟုတ်သူများဝယ်ယူရာ တွင် စားအုန်းဆီတစ်ပိဿသည် (၁၈၀၀၀)ကျပ်မှ (၂၀,၀၀၀)ကြားဖြစ်နေရခြင်းမှာ ဝိသမလောဘသားများကြောင့်ဖြစ်၍ ပြည်သူများမနစ်နာစေရန် စိစစ်မှုများပြုလုပ်လျက်ရှိသည်ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
