စားသုံးဆီများတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ၊ မရှိ စားသုံးသူရေးရာဦးစီးဌာနက စျေးကွက်အတွင်း ရောင်းချနေသည့် အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကုန်မျိုးစုံရောင်းချသည့်အရောင်းဆိုင်များ၊ စားသုံးဆီရောင်းချသည့် အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားခြင်းရှိ၊မရှိ၊ အချိန်အတွယ်မှန်ကန်မှုရှိမရှိနှင့် ဟင်းသီးဟင်းရွက်ဆီများနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိမရှိ စသည်တို့ကို မြို့နည်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စျေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်မျိုးစုံရောင်းချနေသော ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ (၄၁) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့်ကုန်စည်များကိုသာ ရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။
ထို့ပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကိုလည်း အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။