စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ သြဂုတ် ၂၅ ရက်ကကျင်းပသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ (၄/၂၀၂၅)အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေးမှာ အရေးကြီးသဖြင့် မြေပဲ၊ နှမ်းနှင့် နေကြာတို့ကိုအထူးဇုန်များ သတ်မှတ်စိုက်ပျိုးလျက်ရှိသော်လည်း ရည်မှန်းချက်မပြည့်မီသေး၍ ရလဒ်ကောင်းကိုရရှိရန် အလှမ်းကွာဝေးနေသဖြင့် အကြိမ်ကြိမ်တွန်းအားပေးပြောဆိုနေရသည်ဟု ပြောသည်။
” ပြည်တွင်းစားသုံးဆီဖူလုံရေးနဲ့ ပြည်ပတင်ပို့နိုင်ရေးအတွက် နေကြာတိုးချဲ့စိုက်ပျိုးသင့်ပါတယ်။ အထွက်နှုန်းမြင့်မားခြင်း၊ စိုက်ပျိုးချိန်ကာလတိုတောင်းခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်းတွေကြောင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ပါတယ်။ နေကြာဆီပိုလျှံထွက်ရှိရင် နိုင်ငံ တော်ရဲ့စားသုံးဆီလိုအပ်ချက်ကိုလျော့နည်းစေပြီး ပြည်ပနိုင်ငံတွေကတင်သွင်းမှုလျှော့ချနိုင်လို့ နိုင်ငံခြားငွေသုံးစွဲမှုသက်သာစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နေကြာတိုးချဲ့စိုက်ပျိုးရေးကိုအလေးထားပြီး မူဝါဒချမှတ်ဆောင်ရွက်ရပါမယ်”ဟု နိုင်ငံတော်ဝန် ကြီးချုပ်ဦးညိုစောက ပြောသည်။
မြန်မာနိုင်ငံ၌ လက်ရှိစိုက်ပျိုးနေသော မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်းသီနှံများ၏ထွက်ရှိမှုအရ စားသုံးဆီထုတ်လုပ်ခဲ့ပါက နိုင်ငံတွင်းဖူလုံနိုင်သော်လည်း မြေပဲ၊ နှမ်းသီးနှံများကို လုံးဆန်အဖြစ်စားသုံးကာ ပြည်ပသို့လည်းတင်ပို့ရောင်းချလျက်ရှိ၍ ပြည်တွင်းဆီဖူလုံရေးအတွက်လိုအပ်ချက်ရှိရာ စားသုံးဆီအဖြစ်သာသုံးစွဲနိုင်မည့် နေကြာကိုပိုမိုတိုးချဲ့ စိုက်ပျိုးရန်လိုအပ်သည်ဟု ပြောသည်။
” နှစ်စဉ်ပြည်ပကနေ စားအုံးဆီကို အမေရိကန်ဒေါ်လာသန်း(၅၀၀)ဖိုးလောက် တင်သွင်းနေရတာကြောင့် ပြည်ပက စားသုံးဆီတင်သွင်းမှုလျော့ကျစေဖို့အတွက် ပြည်တွင်းမှာ ဆီထွက်သီးနှံဖြစ်တဲ့ နေကြာသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးဖို့လိုအပ်ပါတယ်”ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက ပြောသည်။
နေကြာဆီသည်အရည်အသွေးကောင်းကာ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေသော ဈေး ကွက်ဝင်သီးနှံဖြစ်ရာ စနစ်တကျစိုက်ပျိုးထုတ်လုပ်ပါက ဝင်ငွေတိုးတက်စေမည်ဖြစ်၍ စပါးနှင့် ပဲကိုသာအထူးပြုစိုက်ပျိုးသောသီးနှံပုံစံမှ နေကြာကို သီးနှံတစ်မျိုးအနေဖြင့် ကျယ်ပြန့်စွာစိုက်ပျိုးကြရန်၊ ဆီထွက်သီးနှံကုန်ကြမ်းဈေးနှုန်းများကျဆင်းရေးအတွက် ဆီထွက်သီးနှံစုံတိုးချဲ့စိုက်ပျိုးရေးကို မူဝါဒတစ်ခုအဖြစ်ဆောင်ရွက်ရန်တို့ကိုလည်း နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက ပြောကြားခဲ့သည်။
