ယနေ့ ဒီဇင်ဘာ (၁၀) ရက် နံနက် (၉) နာရီအချိန်မှစတင်၍ စဥ်အင်တံတားမှ ဖြတ်သန်းခွင့်ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားလိုက်ပြီးဖြစ်ကြောင်း ဒေသခံတွင်း သတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ စဉ့်အင်တံတားမှာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နှင့်လားရှိုးမြို့ကြားတွင်ရှိသော တံတားတစ်စင်းဖြစ်ပြီး၊ တံတားကြမ်းခင်းများ ပြင်ဆင်ရန်ရှိနေသည့်အတွက် ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ခြင်းဖြစ်သည်။
“ဘယ်တော့ဖွင့်မလဲတော့ မပြောတတ်ဘူး။ ကြမ်းခင်းဖို့ ယာယီပိတ်တာတော့ ဟုတ်တယ်။ အခုထိတော့ လုပ်ငန်းခွင်မစသေးဘူး “ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။
ပြီးခဲ့သည့် ရက်ပိုင်းကတည်းက တံတားကြမ်းခင်းများပြင်ဆင်ရန် (၃) ရက်ခန့် ယာယီပိတ်ထားမည်ဟု သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်ကာ လက်ရှိဒေသတွင်း ခရီးသွားများ အဆင်ပြေစေရန် စဥ့်အင်ဖောင်ဆိပ်မှတဆင့် ဖောင်ဖြင့်ကားငယ်များကို အသွားအပြန်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်း/မြောက်ဒေသရှိ သီပေါတံတားကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာ (၁၄) ရက် နံနက်ပိုင်းမှစတင်ပိတ်ထားခဲ့ရာ တစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ရှမ်း/မြောက်ဒေသအတွင်း ခရီးသွားများအချိန်ကြန့်ကြာခြင်း၊ ယာဉ်စီးခနှုန်းများမြင့်တက်ခြင်းစသည့် အခက်အခဲများစွာကြုံတွေနေရသည်ဟု အဆိုပါဒေသခံက ရှင်းပြခဲ့သည်။
