ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်၊သီလဝါဆိပ် ကမ်းဖွံ့ဖြိုးရေးဇုန်ရှိ Wilmar Myanmar ကုမ္ပဏီမှ သီလဝါဆိပ်ကမ်းတွင် ခေတ်မီဘက်စုံသုံးနိုင်ငံတကာဆိပ်ခံတံတားနှင့်မြေဖွံ့ဖြိုးရေးလုပ်ငန်းများကို BOT စာချုပ်ဖြင့်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေခြင်းအား ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့်ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်၊သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းတို့က ဇန်နဝါရီ ၃ ရက်နံနက်ပိုင်းက သွားရောက် ကြည့်ရှုခဲ့ကြသည်။
ကုမ္ပဏီတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် ဆန်၊ဂျုံ၊ဆီနှင့်ဆန်စက်လုပ်ငန်းများလည်ပတ်ရန်နှင့်စပါးခွံလောင်စာဖြင့် လျှပ် စစ်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ထားရှိမှုတို့ကို ရန်ကုန်မြို့တော်ဝန်နှင့်တိုင်းအစိုးရအဖွဲ့ဝန်ကြီးများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
Wilmar Myanmar ကုမ္ပဏီမှ စီးပွားရေးရာလုပ် ငန်းများ၊ဂျုံနှင့်ဘေးထွက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊စားသုံးဆီနှင့်ဆက်စပ်ထုတ်ကုန်လုပ်ငန်းများ၊ဆန်နှင့်ဆန်ဆက်စပ်ထုတ်ကုန်များကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ယင်း လုပ်ငန်းများအတွက် စပါးခွံသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားကို စမ်းသပ်ထုတ်လုပ်လျက်ရှိရာ ပုံမှန်ထုတ်လုပ်လျက်ရှိသော ဓာတ်အားစနစ်မှ ၁ လလျှင် လျှပ်စစ်ဓာတ်အား ယူနစ် ၁၂ သိန်းမှ ၁၄ သိန်းအထိ သုံးစွဲ၍ ရနေကြောင်းသိရသည်။
ထို့ကြောင့် နိုင်ငံ၏မဟာဓါတ်အားလိုင်း မှ ဆွဲယူသုံးစွဲမှု လျှော့ချနိုင်ခဲ့ကြောင်းသိရသည်။မဟာဓါတ်အားလိုင်း မှယူနစ် ၅၀၀၀ ထိ လျှော့ချသုံးစွဲနိုင်ခဲ့သည်ဟုဆိုသည်။


