ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတားသို့သွားသည့် လမ်းပိုင်းအား ပြန်လည်ပြင်ဆင်ထားပြီးဖြစ်သောကြောင့် လမ်းချော်ခြင်း၊ ယာဉ်ပိတ်ဆို့ခြင်းများ မရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။
“မိုးတွေရွာထားပေမယ့် သီပေါနဲ့ လားရှိုးကြားမှာရှိတဲ့ စဉ့်အင်ယာယီတံတားကို သွားတဲ့လမ်းမှာ ကားများအဆင်ပြေစွာဖြတ်သန်းလို့ရပါတယ်။ ပထမတစ်ခေါက်မိုးရွာတုန်းကလမ်းတွေချော်၊ယာဥ်ကြောပိတ်ဆို့တတ်တဲ့ ယာယီတံတားအနီးမြေနီလမ်းပိုင်းကိုလည်း ဗြုန်းလမ်းခင်းပေးထားတော့အတက်အဆင်းယာဥ်တွေအခက်အခဲမရှိ ပုံမှန်သွားလာနေပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စဉ့်အင်ယာယီတံတားသို့ သွားသည့် လမ်းပိုင်းမှာ ပြီးခဲ့သည့် ဧပြီ(၂၄) ရက် မွန်းလွဲပိုင်းက အချိန်အခါမဟုတ် မိုးရွားသွန်းမှုဖြစ်စဥ်ကြောင့် လမ်းပေါ်တွင် ကားများလမ်း ချော်၍ ဒေသတွင်းခရီးသွားယာဉ်အစီးရေ (၅၀)ကျော် လမ်း ပိတ်ဆို့မှုများဖြစ် ပွားခဲ့ရသေးသည်။
ယမန်နှစ် အောက်တိုဘာလမှ စတင်၍ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသတွင်းရှိ အဓိကကျသော တံတားအချို့ ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲများကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဒေသတွင်း ဆက်သွယ်ထားသောတံတား (၅)စင်း ဖျက်ဆီးခံရကာလမ်းပန်း ဆက်သွယ်ရေး အခက်အခဲများရှ်လာပြီး ကျေးရွာချင်းချိတ်ဆက်လမ်းများမှသော်လည်း ကောင်း ၊ တောတွင်းလမ်းများမှသော်လည်းကောင်း သွား လာနေကြရသည့်အခြေအနေဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ကျောက်မဲ – သီပေါ ဆက်သွယ်ထားသည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသည့် သိန္ဒီတံတား၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတား၊ လားရှိုး – နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံတားနှင့် ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားတို့မှာ ဒေသတွင်း တိုက်ပွဲများအ ကြား ဖျက်ဆီးခံ ထားရကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။
ဓာတ်ပုံ-CJ



