ရုရှား၏ခြိမ်းခြောက်မှုအန္တရာယ်နှင့် ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လာနေချိန်တွင် ဂျာမနီသည် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အားကို မြှင့်တင်ရန်ကြိုးပမ်းနေပြီး စစ်သားသစ်များကို ပိုမိုစုဆောင်းနိုင်စေမည့် အစိုးရ၏ အစီအစဉ်တစ်ရပ်ကို သောကြာနေ့တွင် ဂျာမန်ပါလီမန်က အတည်ပြုလိုက်သည်။ ယင်းအစီအစဉ်အရ လူငယ်အမျိုးသားများသည် ကျန်းမာရေးအရ ဆေးစစ်ရမည်ဖြစ်သည်။
၎င်းစီမံကိန်းသည် စစ်မှုထမ်းစေခြင်းကို ပြန်လည်ကျင့်သုံးခြင်းမျိုးမဟုတ်သော်လည်း လိုအပ်ပါက အကန့်အသတ်အားဖြင့် စစ်မှုမထမ်းမနေရ စည်မျဉ်းကို ကျင့်သုံးနိုင်ခြေကို ထည့်သွင်းထားသည်။
ပါလီမန်၏ အောက်လွှတ်တော်ဖြစ်သော ဘွန်းဒက်စ်တေ့ခ်ျသည် အဆိုပါစီမံကိန်းကို ထောက်ခံမဲ ၃၂၃ မဲ၊ ကန့်ကွက်မဲ ၂၇၂ မဲ၊ ကြားနေမဲ ၁ မဲဖြင့် အတည်ပြုခဲ့သည်။ ယင်းသည် သြဂုတ်လအတွင်းက ဂျာမန်ဝန်ကြီးချုပ် ဖရိုက်ဒရစ်ချ်မာ့ဇ်၏ ဝန်ကြီးအဖွဲ့က အတည်ပြုထားသော အစီအစဉ်ကို ပြန်လည်ဖြည့်စွက်ပြင်ဆင်ထားခြင်းဖြစ်သည်။
ဂျာမနီသည် နှစ်ပေါင်းများစွာ လျစ်လျူပြုထားခဲ့သော ၎င်း၏ စစ်တပ်၏ လက်နက်ကိရိယာများ တိုးတက်ကောင်းမွန်ရေးကိစ္စကို ပြန်လည်အာရုံစိုက်လာကာ ဘီလျံနှင့်ချီ၍ သုံးစွဲသွားရန် ကတိပြုထားသည်။ ယင်းအပေါ် လူအများပိုမိုထောက်ခံလာစေရေးကို ကြိုးပမ်းရန် အစိုးရက အာရုံစိုက်လာခဲ့သည်။
၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့ဝင် အင်အားကို တိုးပွားလာစေရန် ကြိုးပမ်းလာရာတွင် ဂျာမနီတစ်နိုင်ငံတည်းမဟုတ်ပေ။ ပြင်သစ်နိုင်ငံသည်လည်း လာမည့်နှစ်မှစတင်၍ အသက် ၁၈ နှစ်နှင့် ၁၉ နှစ်အရွယ် စေတနာ့ဝန်ထမ်းလူငယ်များကို လေ့ကျင့်သင်တန်းပေးရန်အစီအစဉ်တစ်ခုကို ပြီးခဲ့သည့်အပတ်တွင် ထုတ်ဖော်ကြေညာခဲ့သည်။ ထို့အပြင် ဘယ်လ်ဂျီယံနှင့် ပိုလန်နိုင်ငံတို့ကလည်း လေ့ကျင့်သင်တန်းပေးရန် သို့မဟုတ် တာဝန်ထမ်းဆောင်စေရန် လူများကို ပိုမိုဆွဲဆောင်မည့် အစီအစဉ်များရှိနေပြီဖြစ်သည်။
Ref: စီအင်န်အေ
