ယူကရိန်းပဋိပက္ခဖြေရှင်းရန် ရုရှားနှင့်ဆောင်ရွက်နေသော ညှိနှိုင်းမှုများနှင့်ပတ်သက်၍ “စစ်မြေပြင်အခြေအနေသည် ကီးယက် (ယူကရိန်း) ၏အကျိုးစီးပွားနှင့် မသက်ဆိုင်ဟု” အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ် က Fox News သတင်းဌာနအား ပြောကြားရာတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
“ရုရှားက အလွန်အမင်းတောင်းဆိုလိမ့်မည်ဟု ကျွန်ုပ်တို့သိထားပါသည်။ အဘယ့်ကြောင့်ဆိုသော် ရုရှား၏စစ်အမြင်မှာ ‘စစ်မြေပြင်တွင် သူတို့အနိုင်ရနေသည်’ ဆိုသည့်အချက်ကြောင့်ဖြစ်သည်” ဟု ဗန့်စ် က Fox News သတင်းဌာနသို့ သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထို့အပြင် “ယူကရိန်းဘက်မှ စစ်ပြေငြိမ်းရေးသဘောတူညီချက်ကို လိုလားသည်မှာ အထူးအဆန်းမဟုတ်။ အကြောင်းမှာ လွန်ခဲ့သောလအနည်းငယ်အတွင်း ယူကရိန်းအတွက် အခြေအနေများ သိပ်မကောင်းခဲ့သောကြောင့်ဖြစ်သည်” ဟုလည်း သူကဖြည့်စွက်ပြောကြားခဲ့သည်။
ဗန့်စ် ၏ “မော်စကိုက အလွန်အမင်းတောင်းဆိုနေသည်” ဆိုသောပြောကြားချက်နှင့်ပတ်သက်၍ “ရုရှားသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကျွန်ုပ်တို့၏ အမျိုးသားအကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် လိုလားသည်” ဟု ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒမီထရီပက်စကော့က မေလ ၈ ရက်တွင် ပြန်လည်ရှင်းလင်းခဲ့သည်။
“ကျွန်ုပ်တို့၏ အမျိုးသားအကျိုးစီးပွားများကို အလေးထားစေလိုပါသည်။ ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းများကို အမြစ်ဖြတ်ရမည်။ ၎င်းသည် အလွန်အရေးကြီးပါသည်၊ အဘယ့်ကြောင့်ဆိုသော် ယင်းသည် ကျွန်ုပ်တို့၏ အမျိုးသားအကျိုးစီးပွား၊ လုံခြုံရေးအာမခံချက်များနှင့် တိုက်ရိုက်သက်ဆိုင်နေသောကြောင့်ဖြစ်သည်” ဟု ပက်စကော့ဗ်က ရှင်းလင်းပြောကြားခဲ့သည်။