စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့ရှိ ကျော်ထက်မီးပွိုင့်တွင် နိုဝင်ဘာ ၂၀ ရက်(ယနေ့)နံနက်ပိုင်းက ခရီး သည်တင်ကားနှင့်ဆိုင်ကယ်တို့တိုက်မိခဲ့ကြောင်း စစ်ကိုင်းမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။
ယနေ့နံနက် ၁၀ နာရီကျော်ခန့်က စစ်ကိုင်းမြို့ရှိ ကျော်ထက်မီးပွိုင့်တွင် အမျိုးသမီး ၂ ဦးနှင့်ကလေးငယ်တစ်ဦး စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်နှင့်ခရီးသည်တင်ကားတို့တိုက်မိခဲ့ကြောင်း သတင်းအရ လူမှုကူညီရေးအသင်းများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။
ခရီးသည်တင်ကားမှာ ဆိုင်ကယ်နှင့်တိုက်မိပြီးနောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်အားထပ်မံတိုက်မိခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်ကြောင့် ဆိုင်ကယ်ပေါ်၌ စီးနင်းလိုက်ပါလာသည့် အသက်(၆)နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီး ၁ ဦး(သားအမိ ၂ ဦး)တို့မှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆိုင်ကယ်ပေါ်မှ အမျိုးသမီး ၁ ဦးနှင့်ခရီး သည်တင်ကားပေါ်၌လိုက်ပါလာသူ ၁ ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူ ၂ ဦးတို့အား လူမှုကူညီရေးအသင်းကားများဖြင့် စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
