စင်္ကာပူတွင်ပထမဆုံး ပြည်တွင်းမျောက်ကျောက်ကူးစက်မှုတွေ့ရှိ
စင်္ကာပူ၊ဇူလိုင် ၆
စင်္ကာပူတွင် မျောက်ကျောက်ရောဂါကူးစက်မှု ပြည်တွင်း၌ ပထမဆုံးဖြစ်ပွားကြောင်း ကျန်းမာရေးဝန်ကြီးဌာန (MOH) ကအတည်ပြုခဲ့သည်။
အဆိုပါလူနာမှာ စင်္ကာပူတွင်နေထိုင်သော အသက် ၄၅ နှစ်အရွယ် မလေးရှားအမျိုးသားတစ်ဦးဖြစ်သည်။ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၆ ရက်)တွင် အဆိုပါအမျိုးသားသည် မျောက်ကျောက်ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု MOH မှပြောကြားခဲ့သည်။
“လက်ရှိတွင် အမျိုးသားကူးစက်ရောဂါ ဗဟိုဌာန (NCID) မှာ နေရာချထားပြီး သူ့အခြေအနေကတည်ငြိမ်နေပါတယ်” ဟု MOH ကဗုဒ္ဓဟူးနေ့တွင် မီဒီယာများသို့ ထုတ်ပြန်ခဲ့သည်။ယခုအမျိုးသားသည် ဇွန်လ ၂၁ ရက်နေ့ကတွေ့ရှိခဲ့သော ဗြိတိန်နိုင်ငံသားနှင့် အဆက်စပ်မရှိကြောင်းသိရှိရသည်။
ယခုလူနာအမျိုးသားသည် ဇွန် ၃၀ တွင် ဝမ်းဗိုက်အောက်ပိုင်း အရေပြားဒဏ်ရာများ စတင်တွေ့ရှိခဲ့ပြီး ဇူလိုင် ၂ ရက်နေ့တွင် ပင်ပန်းနွမ်းနယ်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ကိုခံစားခဲ့ရသည်။
ဇူလိုင်လ (၄)ရက်နေ့တွင် အဖျားတက်ပြီး လည်ချောင်းနာကာ အခြားကျန်းမာရေး ကနဦးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆေးကုသမှုခံယူရန်တောင်းဆိုခဲ့သည်။
“ထိုစစ်ဆေးမှုများတွင် ရောဂါကင်းရှင်းသဖြင့် NCID ကို ဇူလိုင် ၆ ရက်၌ပို့ဆောင် ပေးခဲ့ပြီး ဆက်လက်အကဲဖြတ်ဖို့ သီးခြား ခွဲထုတ်လိုက်ပါတယ်” ဟု MOH မှပြောကြား သည်။
ဗုဒ္ဓဟူးနေ့အထိ အနီးကပ်ဆက်ဆံဖူးသူသုံးဦးဖြစ်သည့် အတူနေမိသားစုဝင်နှစ်ဦးနှင့် မိတ်ဆွေတစ်ဦးတို့ကို ကွာရန်တင်း ၂၁ ရက်ထားစောင့်ကြည့်မည်ဖြစ်ပြီး ဆက်လက်၍လည်း အနီးကပ်ထိတွေ့ဖူးသူများကို စုံစမ်းနေကြောင်းသိရှိရသည်။
မျောက်ကျောက်ရောဂါသည်အနီးကပ်ကြာရှည်စွာ ထိတွေ့မှသာကူးစက်နိုင်သောကြောင့် လူအများသို့ကူးစက်နိုင်ခြေ နည်းပါးနေသေးကြောင်း MOH ကဆိုသည်။
ဆက်လက်၍လည်း MOH က မျောက်ကျောက်ရောဂါအခြေအနေကို အနီးကပ် စောင့်ကြည့်ပြီး လိုအပ်သလိုကြိုတင်ပြင်ဆင်မှုနှင့်တုံ့ပြန်မှု အစီအမံများကို လုပ်ဆောင်ပေးမည်ဟုဆိုသည်။
ပြည်သူများအနေဖြင့်လည်း မိမိကျန်းမာရေးအခြေအနေကို မိမိဘာသာစောင့်ကြည့်ကာ ရောဂါကာကွယ်နိုင်ရန်တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုတစ်စိုက်ပြုလုပ်သင့်ပြီး အထူးသဖြင့်ခရီးသွားချိန်တွင် ပိုမိုဂရုပြုကြရန်လည်းတိုက်တွန်းထားသည်။
ထို့ပြင် “မျောက်ကျောက်ရောဂါ ကူးစက်ခံရ (သို့) သံသယရှိကြောင်း သိကြရသူများနှင့် နီးနီးကပ်ကပ် ထိတွေ့တာမျိုးကိုလည်း ရှောင်သင့်ပါတယ်” ဟုဆိုသည်။
Source – CNA/yb(ac)