နိုင်ငံခြားငွေကြေးဈေးကွက်တွင် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၈ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် ယမန်နေ့တွင်လည်း CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများကို စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများနှင့် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့သည်။
စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၁,၄၆၄,၄၃၀.၀၀ နှင့် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၅၄၅,၀၇၈.၉၀ အား ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
FX Trading တွင် ကား/ဆိုင်ကယ်အပိုပစ္စည်း၊ စားသုံးကုန်စည်၊ ဓာတ်မြေဩဇား ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်း၊ အီလက်ထရောနစ်ပစ္စည်းများ၊ ထုပ်ပိုးပစ္စည်းများတင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုဝင်ဘာ ၈ ရက်က သန်း ၃၀၊ နိုဝင်ဘာ ၁၂ ရက်က ဒေါ်လာ ၂၇ သန်း၊ နိုဝင်ဘာ ၁၉ ရက်က ဒေါ်လာ သန်း ၃၀၊ နိုဝင်ဘာ ၂၅ ရက်တွင် ဒေါ်လာ ၂၈ သန်းဖြင့် နိုဝင်ဘာလအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ ၁၁၅ သန်း ထုတ်ရောင်းထားသည်။
