မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၇ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။
ပြည်ပမှစက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များ အဆင်ပြေစေရန်နှင့် စက်သုံးဆီဈေးနှုန်းတည်ငြိမ်စေရန် ဗဟိုဘဏ်မှ ဒေါ်လာများထုတ်ရောင်းပေးလျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၈ ရက်ကလည်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးထားသည်။
နိုဝင်ဘာ ၁၂ ရက်တွင် ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂၄၀,၉၀၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများထံသို့ ရောင်းချပေးခဲ့သည်။
ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ တိရိစ္ဆာန်အစာ၊ ထုပ်ပိုးပစ္စည်းများ
၊ သံမဏိ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးကုန်စည်တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာရောင်းချမှုအနေဖြင့် အောက်တိုဘာ ၂ ရက်တွင် ဒေါ်လာ ၂၅ သန်း၊ အောက်တိုဘာ ၈ ရက်တွင် ဒေါ်လာ သန်း၃၀၊ အောက်တိုဘာ ၁၄ ရက်တွင် ဒေါ်လာ ၂၇ သန်း၊ အောက်တိုဘာ ၂၁ ရက်တွင် ဒေါ်လာ သန်း ၃၀၊ အောက်တိုဘာ ၂၈ ရက်တွင် ဒေါ်လာ ၂၂ သန်းနှင့် ဘတ်သန်း ၁၀၀ ရှိခဲ့သဖြင့် အောက်တိုဘာလအတွင်း စုစုပေါင်း ဒေါ်လာ ၁၃၄ သန်းနှင့် ဘတ်သန်း ၁၀၀ ထုတ်ရောင်းခဲ့သည်။
