ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်လာမှုကြောင့် ကျိုက်ထီးရိုးဘုရား တောင်တက်ကားခများ ဈေးမြင့်တက်လာကြောင်း ခရီသည်များ၏ ပြောပြချက်အရ သိရသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်းတောင်ခြေမှ ကျိုက်ထီးရိုးတောင်ပေါ်သို့ ယခင်က နောက်ခန်း တစ်ဦးလျှင် ကျပ် ၄,၀၀၀ နှင့် ခေါင်းခန်း တစ်ဦးလျှင် ကျပ် ၅,၀၀၀ သာရှိရာမှ ယခုအခါ ဧပြီလမှစပြီး နောက်ခန်း တစ်ဦးလျှင် ကျပ် ၅,၀၀၀ နှင့် ခေါင်းခန်း တစ်ဦးလျှင် ကျပ် ၆,၀၀၀ ဖြစ်လာကြောင်း သိရသည်။
” ကျိုက်ထီးရိုးတောင်တက်ကားခ မြင့်တက်တာက စက်သုံးဆီဈေးကြောင့်မြင့်တက်ခဲ့တာ။ ဆီဈေးတတ်လို့ မြှင့်လိုက်တာ။ အခုခေတ်အနေအထားနဲ့ပြောရရင် ဒါကပုံမှန်ကျသင့်တဲ့နှုန်းထားတစ်ခုပဲ”ဟုတောင်တက်ကားမောင်းသမားတဦးက ပြောသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ယခုလအတွင်း ဘုရားဖူးဧည့်သည် တနေ့လျှင် ပျှမ်းမျှ ၂,၀၀၀ ကျော် ဝင်ရောက်နေခြင်းကြောင့် ဘုရားကိုမှီပြီး လုပ်ကိုင်စားသောက်နေရသည့် ဒေသခံများအနေဖြင့် အဆင်ပြေနေကြောင်း သိရသည်။
ကျိုက်ထီရိုးဘုရားပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး ဘုရားပွဲများထဲမှ ရက်အရှည်ဆုံး ဘုရားပွဲဖြစ်သည်။