အပြည်ပြည်ဆိုင်ရာ ကုန်အမှတ်တံဆိပ်များအနေဖြင့် မြန်မာနိုင်ငံတွင် တာဝန်ရှိစွာ ဆက်လက် တည်ရှိနေခြင်းသည် အကောင်းဆုံးသော နည်းလမ်း ဖြစ်မည်ဟု MGMA က အခိုင်အမာယုံကြည်ကြောင်း အဆိုပါအသင်းမှ ထုတ်ပြန်ခဲ့သည်။
H&M Group မြန်မာနိုင်ငံက ချုပ်ထည်အမှာစာပစ္စည်းများ ဝယ်ယူခြင်းအား တစ်ဆင့်ချင်းအလိုက် ရုတ်သိမ်းရန်ဆုံးဖြတ်ခဲ့ကြောင်း နှင့် နိုင်ငံတကာနာမည်ရ ကုန်အမှတ်တံဆိပ်အချို့၏ ထုတ်ပြန်ချက်များအပြီးတွင် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းကထိုသို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
MGMA သည် အပြည်ပြည်ဆိုင်ရာအမှတ်တံဆိပ်အထည်အပ်နှံသူများနှင့် ပြည်တွင်းစက်ရုံများနှင့်ပြည်တွင်းတွင်တည်ထောင်ထားသောနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစက်ရုံများအကြား တာဝန်ယူမူရှိစွာ လက်တွဲပူးပေါင်းမှု ခိုင်မြဲစေရန် အမြဲတမ်းနှိုးဆော် တိုက်တွန်းလျက်ရှိကြောင်း၊ MGMA သည် လက်တွေ့မြေပြင်တွင် လုပ်ကိုင်နေသည့် လုပ်ငန်းကဏ္ဍ အဖွဲ့အစည်းဖြစ်ပြီး ၂၀၀၀ ခုနှစ် အစောပိုင်းတွင် အလားတူထွက်ခွာမှုများ၏ အနှုတ်လက္ခဏာ ဆောင်သောသက်ရောက်မှုများကို မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရပြီးဖြစ်ကြောင်း၊ MGMA သည် သိန်းပေါင်းများစွာသော ငယ်ရွယ်သည့် အမျိုးသမီးအလုပ်သမားများ၏ ဘဝအခြေအနေ တိုးတက်မှုနှင့်စပ်လျဉ်း၍ ဂုဏ်သိက္ခာရှိသော အသက်မွေးဝမ်းကြောင်းပညာများဖြင့် ပံ့ပိုးပေးလျက်ရှိရာ ဤအရေးပါသောအခန်းကဏ္ဍကို ဖွံ့ဖြိုးတိုးတက်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကာ တာဝန်ယူမှုဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှုသည် လက်ရှိ အလုပ်အကိုင်အခြေအနေများ ပိုမိုကောင်းမွန်လာစေရန် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
ထုတ်ပြန်ချက်တွင် H&M Group မြန်မာနိုင်ငံက ချုပ်ထည်အမှာစာပစ္စည်းများ ၀ယ်ယူခြင်းအား တစ်ဆင့်ချင်းအလိုက် ရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ၂၀၂၃ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့ထုတ် Reuters သတင်းဆောင်းပါးကတစ်ဆင့် သိရှိခဲ့ရကြောင်း၊မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) သည် ဤကဲ့သို့ မမျှော်မှန်းထားသော ဖြစ်ပေါ်ပြောင်းလဲမှု သတင်းစကားကို ဖတ်ရှုရသည့်အတွက် စိတ်မကောင်းဖြစ်ရကာ ထိုသို့သော ဆုံးဖြတ်ချက်များသည် စိန်ခေါ်မှုရှိသော စီးပွားရေးအခြေအနေများကြားတွင် အလုပ်ထုတ်ခံရနိုင်ခြေ မြင့်မားခြင်း အပါအဝင် စက်ရုံများရှိ ဝန်ထမ်းများ၏ အသက်မွေးဝမ်းကြောင်းကို များစွာထိခိုက်စေမည် ဖြစ်ကြောင်းပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကို ၂၀၀၂ခုနှစ် တည်ထောင်ခဲ့ချိန်က စတင်ပြီး ကဏ္ဍအသီးသီးမှ အကျိုးသက်ဆိုင်သူများ၊ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီများ၊ နိုင်ငံတကာမိတ်ဖက် များနှင့် နာမည်ရကုန်အမှတ်တံဆိပ်လုပ်ငန်းများဖြင့် မြန်မာ့အထည်ချုပ်စက်ရုံများ၏ အခြေအနေများ ကို တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ခဲ့ကြောင်း၊MGMA သည် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလက စတင်၍ Voluntary Labour Compliance Assessment (VLCA) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဖွဲ့ဝင်စက်ရုံများ၏ အမျိုးသား အလုပ်သမားဥပဒေများနှင့် နိုင်ငံတကာအလုပ်သမားဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ပတ်သက်၍ လိုက်နာမှုရှိမရှိ ဆန်းစစ်အကဲဖြတ်မှုများကို ဆောင်ရွက်နေကာ အကဲဖြတ်မှုများ အရှိန်မြှင့်ရန်နှင့် စာရင်းသွင်းမှုကို တိုးချဲ့ရန်အတွက် Online Version ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ပြီး ယခုအချိန်အထိ စက်ရုံပေါင်း (၂၂၀)ကျော်အတွက် အကဲဖြတ်မှု အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီး စက်ရုံပေါင်း (၁၀၀)ကျော်ကို အကဲဖြတ်မှု လုပ်ငန်းစဉ် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။