၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ ဇူလိုင်လအထိ (၄) လတာအတွင်း ပြည်ပနိုင်ငံများသို့ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ပြည်ပသို့ စက်မှုကုန်ချောတင်ပို့ရာတွင် ကဏ္ဍအလိုက် တင်ပို့မှုအနေဖြင့် နိုင်ငံပိုင်ကဏ္ဍအနေဖြင့် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ ကျော်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၉၀၀ ကျော် ရရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော် ရရှိထားကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူတွင် စက်မှုကုန်ချော ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၇၀၀ ကျော်ရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် လျော့နည်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့လျှက်ရှိသည့် စက်မှုကုန်ချောပစ္စည်းများမှာ CMP ချုပ်ပြီး အထည်တင်ပို့မှုသည် အများဆုံးဖြစ်ပြီး သကြား၊ လက်ဝတ်ရတနာနှင့် သဘာဝ ဓာတ်ငွေ့ တင်ပို့မှုများလည်း ပါဝင်ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ အဓိကသွင်းလျှက်ရှိသည့် သွင်းကုန်များမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများဖြစ်ကြောင်း သိရသည်။