လာမည့် စက်တင်ဘာလအတွင်း အင်အားအသင့်အတင့်မှ အားကောင်းသည့် အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ယမန်နေ့ ဩဂုတ် (၂၈) ရက်တွင် ထုတ်ပြန်သည့် စက်တင်ဘာလအတွင်း ဖြစ်ပေါ်နိုင်သည့် အယ်လ်နီညို အခြေအနေနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။
လက်ရှိတွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များတွင် အားအသင့်အတင့်ရှိသည့် အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနေကြောင်းလည်း သိရသည်။
အဆိုပါ အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အကျိုးသက်ရောက်မှုမှာ ယေဘုယျအနေဖြင့် မိုးရွာသွန်းမှု ပုံစံမူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်း စသည့် ရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်လေ့ရှိကြောင်းအသိပေး ထုတ်ပြန်ချက်တွင် ပါရှိသည်။