အွန်လိုင်းလိမ်လည်မှု စွဲချက်များဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် ထိန်းသိမ်းခံထားရသည် တောင်ကိုရီးယားနိုင်ငံသား ၆၄ ဦးကို စနေနေ့နံနက်ပိုင်းတွင် စင်းလုံးငှားလေယာဉ်ဖြင့် နေရပ်ပြန်ခေါ်ဆောင်ခဲ့ကြောင်းနှင့် ၎င်းတို့အနက် အများစုသည် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသို့ အတုအယောင်အလုပ်ကမ်းလှမ်းချက်ဖြင့် ဖြားယောင်းခေါ်ဆောင်ခံရသည့် တောင်ကိုရီးယားကျောင်းသားတစ်ဦး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ညှင်းပန်းနှိပ်စက် သ-တ်ဖြ-တ်ခံခဲ့ရပြီးနောက် ယခုကဲ့သို့ အစုအပြုံလိုက်နေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်သည်။ ယင်းလူသ-တ်မှုကြောင့် နိုင်ငံတစ်ဝန်း ဒေါသအမျက်ထွက်ခဲ့ကြကာ နိုင်ငံအတွင်းလုပ်ငန်းဆောင်ရွက်နေသည့် အလိမ်အညာဂိုဏ်းများကို ပြင်းပြင်းထန်ထန် စုံစမ်းစိစစ်ခဲ့သည်။
နေရပ်ပြန်ပို့သူများကို တင်ဆောင်ထားသည့် ကိုရီးယားလေကြောင်းလိုင်းလေယာဉ်သည် ဖနွမ်းပင်အနီးရှိ Techo နိုင်ငံတကာလေဆိပ်မှ ပျံသန်းထွက်ခွာအပြီး ငါးနာရီခန့်အကြာ နံနက် ၈ နာရီ ၃၅ မိနစ်တွင် အင်ချွန်းနိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ ဒေသတွင်း ငွေလိမ်ဂိုဏ်းများက စီမံဆောင်ရွက်နေသာ အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွင်းရောက်ရှိနေသည့် တောင်ကိုရီးယားနိုင်ငံသားများကို အကူအညီပေးရန်အတွက် ဆိုးလ်က တုန့်ပြန်ရေးအဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ပြီးနောက်ရက်ပိုင်းအကြာတွင် ၎င်းတို့နေရပ်ပြန်ရောက်လာခြင်းဖြစ်သည်။
တောင်ကိုရီးယားဥပဒေအရ နိုင်ငံတော်ပိုင်နက်ဟု သတ်မှတ်သော လေယာဉ်ပေါ်သို့ သံသယရှိသူများ တက်ရောက်သည်နှင့်တပြိုင်နက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းတို့ကို နိုင်ငံတစ်ဝန်းရှိ ရဲစခန်းသို့ လွှဲပြောင်းပေးမည်ဖြစ်ကာ အလိမ်အညာလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့မှုအတွက် စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။
Ref: သည်နေရှင်း
