ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို အမျိုးသား (၂၄) ဦးနှင့် အတူဖမ်း ဆီးရမိစဥ် သေနတ်များကိုလည်းတွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များမှ နိုဝင်ဘာ ၅ ရက်ညပိုင်းက ဧရာ ဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ (၁)ရပ်ကွက်၊ ဆင်အိုးဖိုရပ်၊ ကမ်းနားလမ်း၊ ဂိုဒေါင်အမှတ်(၁၉)၏ မြေအောက်ခန်းအတွင်း သိုဝှက်ထိန်းသိမ်းထားသည့် ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်(၁၂၀)ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ်(၄,၀၀၀)ကီလိုဂရမ်နှင့်အတူ AA အဖွဲ့မှထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်းနှင့် မူးယစ်ဆေးဝါးများကိုထိန်းသိမ်းပေးသူ လမင်းခန့် တို့အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ နိုဝင်ဘာ ၆ ရက်တွင် ဆက်စပ်တရားခံများဖြစ်သည့် နိုင်လင်း၊ ဇော်မင်းထွန်း(ခ)ညီပု၊ မောင်စိုး၊ ခင်ဝင်း၊ အောင်ဆန်းဦး၊ အောင်ဇင်လတ်၊ ဝင်းနိုင်၊ အောင်လင်း၊ ကျော်မင်းလတ်၊ ဟိန်းမင်းသူ၊ ကျော်ကိုကိုထွေး၊ သန်းထိုက်ဦး၊ ဝင်းဝင်းထွန်း(ခ)ဝင်းထွန်း၊ အောင်မျိုဝင်း(ခ)မင်းသားကြီး၊ အာဆာ(ခ)ဝတုတ်နှင့် ဒိုရာစတီဗင်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ နိုဝင်ဘာ ၇ ရက်တွင် ဆက်စပ်တရားခံ မောင် ငယ်၊ နိုဝင်ဘာ ၈ ရက်တွင် ဆက်စပ်တရားခံများဖြစ်သည့် အောင်စိုးလင်းနှင့် အောင်ကိုလင်း၊ နိုဝင်ဘာ ၉ ရက်တွင် ဆက်စပ်တရားခံ ထွန်းထွန်းလင်း၊ နိုဝင်ဘာ ၁၁ ရက်တွင် မူးယစ်ဆေးဝါးများပို့ဆောင်ရန်စေခိုင်းသော ထွက်ပြေးတိမ်းရှောင်နေသူ အားဝေ(ခ)ရှောက်ထန် (ခ) သန်းမောင်၏ တာချီလိတ်မြို့နေအိမ်မှ အမေရိကန်နိုင်ငံထုတ် M-4,A-1 သေနတ်(၁)လက်၊ ၎င်းကျည်အိမ် ၂ ခု၊ (၅ ဒသမ ၅၆)ကျည် (၂၆)တောင့်၊ အီတလီနိုင်ငံထုတ် BERETTA အမျိုးအစား ပစ္စတို(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ အမေရိကန်နိုင်ငံထုတ် SIG SAUER အမျိုးအစား ပစ္စတို(၁)လက်၊ ၎င်းကျည်အိမ်(၂)ခု၊ နို ဝင်ဘာ ၁၆ ရက်တွင် ဆက်စပ်တရားခံများဖြစ်သည့် ဒိုရာမော့စ်၊ ပီတာဖိုးတို့ ၂ ဦးအားထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူ အမျိုးသား(၂၄)ဦးအား ငွေကျပ်(၁၂၀)ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ်(၄,၀၀၀)ကီလိုဂရမ်၊ M-4,A-1 သေနတ်(၁)လက်၊ ပစ္စတို(၂)လက်၊ ကုန်တင်သင်္ဘော(၂)စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
