ရုရှား-ယူကရိန်းအရေး ပြေလည်မှုနှင့်ပတ်သက်၍ မော်စကို၏ ရပ်တည်ချက်မှာ ရှင်းလင်းပြီး ဆွေးနွေးပွဲများ၏ တိုးတက်မှုသည် ယူကရိန်း၏ လုပ်ဆောင်ပုံနှင့် အမေရိကန်၏ ကြားဝင်စေ့စပ်ခြင်း ထိရောက်မှုအပေါ် များစွာမူတည်မည်ဟု ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့က ပြောကြားခဲ့သည်။
ဇွန် ၂၆ နှင့် ၂၇ ရက်က မင့်စ်ခ်မြို့၌ ကျင်းပသော ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) ပွဲများအတွင်း ပြောကြားခဲ့သည်ကို ကိုးကား၍ ဘီလာရုစ်နိုင်ငံ၏ ပထမသတင်းရုပ်သံလိုင်းက ဖော်ပြခဲ့ရာ “သဘာဝကျစွာပင်၊ ယူကရိန်းအစိုးရ၏ ရပ်တည်ချက်နှင့် အမေရိကန်၏ ကြားဝင်စေ့စပ်မှုများကို မည်မျှထိရောက်စွာ ဆက်လက်လုပ်ဆောင်သည်အပေါ် များစွာမူတည်ပါလိမ့်မည်” ဟု ပက်စ်ကော့က ပြောခဲ့သည်။
ရုရှား၏ ရပ်တည်ချက်သည် “လူသိများပြီးသား” ဖြစ်ကြောင်း သူကပြန်လည်ပြောကြားခဲ့သည်။ “ဒါ့အပြင် မြေပြင်အခြေအနေလည်း ရှိနေပြီး၊ ဒါကို လျစ်လျူရှုလို့ မရပါဘူး။ ထည့်သွင်းစဉ်းစားရပါမယ်။ ဒါတွေက အခြေအနေတစ်ခုလုံးရဲ့ အစိတ်အပိုင်းတွေပါ။ ခက်ခဲပြီး ရှုပ်ထွေးပါတယ်၊ ဒါပေမဲ့ သူတို့ပေါ်မှာ မူတည်ပါတယ်” ဟုလည်း သူက အလေးထားပြောကြားခဲ့သည်။
ယူကရိန်းနှင့် နောက်ထပ်ဆွေးနွေးပွဲအသစ် ကျင်းပမည့်ရက်ကို မော်စကိုက မကြာမီ သဘောတူနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း သူက မှတ်ချက်ပြုခဲ့သည်။
အစည်းအဝေးအသစ်များ စီစဉ်ပြီးပြီလားဟု မေးမြန်းသောအခါတွင်မူ “မရှိသေးပါဘူး” ဟု သူကပြန်ဖြေခဲ့သည်။ “ကျွန်တော်တို့ တတိယအကြိမ်မြောက် ဆွေးနွေးပွဲကို မျှော်လင့်နေပါတယ်။ ရက်အတိအကျကို ရက်ပိုင်းအတွင်း သိရဖို့ မျှော်လင့်ပါတယ်” ဟု ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့က ဘီလာရုစ်၏ ပထမသတင်းရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။