မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လမ်းကြောင်းပေါ်မှလှည့်ထွက်မသွားဘဲ ဆက်လက်အားထုတ်ကြရန် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား၌ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးက တိုက်တွန်းပြောကြားသည်။
NCA စာချုပ်သည် လူတစ်ချို့အတွက်စာချုပ်တစ်စောင်သာဖြစ်နိုင်သော်လည်း အမှန်တကယ်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်သည့် ခရီးစဉ်တစ်ခုစတင်ခြင်းဖြစ်ကာ ငြိမ်းချမ်းရေးဖြစ်စဉ်သည် အဆုံးသတ်သွားခြင်းမရှိဘဲ အပြန်အလှန်ယုံကြည်မှုတည်ဆောက်သည့်အစီအစဉ်များကို အမြန်ဆုံးလက်တွေ့ဖော်ဆောင်ကြရမည်ဟု တိုက်တွန်းပြောကြားသည်။
” ငြိမ်းချမ်းရေးဆိုတာ စာချုပ်ပေါ်မှာလက်မှတ်ထိုးရုံသက်သက်နဲ့ ဖြစ်ပေါ်လာနိုင်တဲ့အရာမဟုတ်ပါဘူး။ စစ်မှန်တဲ့ စိတ်ဓါတ်နဲ့ ဆန္ဒတူညီမှသာ ပေါ်ပေါက်လာနိုင်တာပါ။ ဒါ့ကြောင့် အနာဂတ်အတွက် NCA ကိုအခြေခံတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့၊ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့၊ ပြည်သူအတွက် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျမြင်ရအောင် အားထုတ်ဖို့လိုပါတယ်”ဟု စောမူတူးစေးဖိုးက ပြောသည်။
NCA သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အပေါ်အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးသောခြေလှမ်းတစ်ရပ်ဖြစ်၍ အခက်အခဲရှိသော်လည်း အရေးကြီးသည်မှာ လှည့်ထွက်မသွားဘဲ ဆက်လက်အားထုတ်သွားကြရမည်ဖြစ်ကာ NCA အသိသက်သေနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အခန်းကဏ္ဍကိုအလေးထားမြှင့်တင်ဆောင်ရွက်ရန်လည်းလိုအပ်သည်ဟု တိုက်တွန်းပြောကြားသည်။
မကြာမှီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအကြိုကာလဖြစ်စေ၊ အလွန်ကာလဖြစ်စေ NCA အခြေခံအပေါ်မှ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ၊ နိုင်ငံရေးဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ်ပေါ်လာလိမ့်မည်ကို ယုံကြည်မျှော်လင့်သည်ဟု စောမူတူးစေးဖိုးက ပြောကြားခဲ့သည်။
