ရုရှားနှင့် စစ်ပွဲကို အဆုံးသတ်ရေးအတွက် အမေရိက က ထောက်ခံသည့် မူဘောင်ကို ရှေ့ဆက်ရန် ယူကရိန်းဘက်က အသင့်ရှိကြောင်းနှင့် ဆွေးနွေးမှုများတွင် ဥရောပမဟာမိတ်များ ပါဝင်သင့်ကြောင်း ပြောကြားထားမှုနှင့် ပတ်သက်၍ အငြင်းပွားစရာဖြစ်နေသော အချက်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောကြားလိုက်သည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ လူအေ-သအပျေ-ာက်အများဆုံးနှင့် အဆိုးဝါးဆုံး ပဋိပက္ခကို အဆုံးသတ်ရေး ထရမ့်ပ်၏ အစီအစဉ်နှင့် ပတ်သက်၍ ၎င်းတို့အကြား ကွဲလွဲချက်များကို ကျဉ်းမြောင်းသွားစေရန် အမေရိကနှင့် ယူကရိန်းအရာရှိများက ကြိုးပမ်းနေခဲ့သည်။ ယူကရိန်းသည် နယ်မြေစွန့်လွှတ်ရခြင်းများ အပါအဝင် ရုရှား၏ သတ်မှတ်ချက်များအပေါ်အခြေခံသည့် သဘောတူညီချက်ကိုလက်ခံရန် အတင်းအကျပ်ဖိအားပေးမည်ကို သတိထားသည်။
ဆန္ဒရှိသော မဟာမိတ်များညွန့်ပေါင်းအဖွဲ့ဟု သိကြသောအဖွဲ့ကို အမှာစကားပြောကြားရာ၌ ယူကရိန်းသို့ လုံခြုံရေးအာမခံတပ်များချထားရေး မူဘောင်တစ်ခုကိုဆွေးနွေးကြရန်နှင့် မော်စကိုက ၎င်း၏စစ်ပွဲကိုရပ်တန့်ရန် စိတ်မတိမ်းညွှတ်သရွေ့ ကိဗ်ကို ဆက်လက်ထောက်ခံပေးရန် ဇလန်းစကီးက ဥရောပခေါင်းဆောင်များကို တောင်းဆိုခဲ့ကြောင်း ရို-က်တာက ဖော်ပြသည်။
ယူကရိန်းနှင့် ပတ်သက်သော လုံခြုံရေးဆုံးဖြတ်ချက်များတွင် ယူကရိန်းပါဝင်ရမည်ဖြစ်ပြီး ဥရောပနှင့် ပတ်သက်သော လုံခြုံရေးဆုံးဖြတ်ချက်များတွင် ဥရောပပါဝင်ရမည်ဟု မိမိတို့ အခိုင်အမာယုံကြည်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် ၎င်း၏ ပြည်သူများ၏ နောက်ကွယ်တွင် ဆုံးဖြတ်ခဲ့သော အရာတစ်ခုသည် မအောင်မြင်နိုင်သောကြောင့်ဖြစ်ကြောင်း ဇလန်းစကီးက ပြောဆိုခဲ့သည်။
“အဲဒီမူဘောင်က စားပွဲပေါ်မှာရှိပြီး အမေရိကန်ပြည်ထောင်စုနဲ့အတူ၊ သမ္မတထရမ့်ပ်ရဲ့ ပုဂ္ဂိုလ်ရေးအရ ထိတွေ့ဆက်ဆံမှုနဲ့အတူ ကျွန်တော်တို့ အတူတကွ ရှေ့ဆက်ဖို့ အသင့်ဖြစ်နေပါပြီ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Ref: သည်ကင်ဘာရာတိုင်းမ်စ်
