ကိဗ်နှင့် ဥရောပနိုင်ငံရေးသမားများသည် ငြိမ်းချမ်းရေးအတွက် အမေရိက၏ အဆိုပြုချက်များကို လိုက်ပါဆောင်ရွက်ခြင်းမရှိပါက ရုရှားသည် ယူကရိန်းမြေများကို ထပ်မံသိမ်းယူသွားမည်ဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောဆိုလိုက်သည်။
ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဆိုင်ရာ အဆိုပြုချက်များနှင့်ပတ်သက်၍ အမေရိကသည် ရုရှားနှင့် ဆွေးနွေးမှုများလုပ်ခဲ့သကဲ့သို့ ကိဗ်နှင့် ဥရောပခေါင်းဆောင်များနှင့်လည်း သီးခြားဆွေးနွေးမှုများလုပ်ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့ပေ။ ကိဗ်နှင့် ၎င်း၏ ဥရောပမဟာမိတ်များအနေဖြင့် ယူကရိန်းနယ်မြေများကို လက်လွှတ်ရန် တောင်းဆိုချက်များအပေါ် စိုးရိမ်ပူပန်နေပြီး ယူကရိန်းက ပိုမိုခိုင်မာသော လုံခြုံရေးအာမခံချက်ရရန်လိုလားသည်။
ရုရှားသည် ရှေ့တန်းစစ်မြေပြင်အားလုံးတွင် အောင်မြင်မှုရနေပြီး အင်အားသုံး၍ဖြစ်စေ သံတမန်ရေးအရဖြစ်စေ ၎င်း၏ ရည်မှန်းချက်များ အောင်မြင်လိမ့်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာနနှစ်ပတ်လည်အစည်းအဝေးတစ်ခုတွင် ပူတင်က ပြောကြားခဲ့သည်။
ဆန့်ကျင်ဘက်နိုင်ငံနှင့် ၎င်းကို ထောက်ပံ့သူများအနေဖြင့် နည်းမှန်လမ်းမှန်ဆွေးနွေးမှုများတွင် ပါဝင်ရန်ငြင်းဆန်ပါက ရုရှားသည် စစ်ရေးနည်းဖြင့် ၎င်း၏ သမိုင်းဝင်နယ်မြေများကို လွတ်မြောက်စေမည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ၎င်းတို့ သိမ်းပိုက်ထားခဲ့သော ခရိုင်းမီးယားကျွန်းဆွယ်အပြင် အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသအများစု၊ ခါဆန်နှင့် ဇာပိုရစ်ဇီးယားဒေသအများစုနှင့် အခြားဒေသလေးခု၏ အစိတ်အပိုင်းများအပါအဝင် ယူကရိန်းနယ်မြေ ၁၉ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားကြောင်း ရုရှားက ပြောကြားထားသည်။
ခရိုင်းမီးယား၊ ဒွန်ဘတ်စ်၊ ခါဆန်နှင့် ဇာပိုရစ်ဇီးယားတို့သည် ယခုအခါတွင် ရုရှား၏ နယ်မြေများဖြစ်သွားပြီဟု ရုရှားက ပြောကြားခဲ့သည်။ ယင်းပြောဆိုချက်ကို ယူကရိန်းက လုံးဝလက်မခံဘဲ နိုင်ငံအားလုံးလိုလိုသည် ထိုဒေသများကို ယူကရိန်းပိုင်နယ်မြေများအဖြစ် သတ်မှတ်ကြောင်း ပြောကြားခဲ့သည်။
Ref: အာရ်အင်န်ဇက်
