ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့ တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး တိုင်းရင်းသားအားလုံးက ဝိုင်းဝန်းပူးပေါင်းကြရန် လိုအပ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။
ယမန်နေ့က မြစ်ကြီးနားမြို့၌ တိုင်းရင်းသားစာပေးနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားဒေသများတွင် လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များစွာ ရှိနေသည့်အတွက် ငြိမ်းချမ်းရေးရရှိရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ကချင်ပြည်နယ်ဟုဆိုသော်လည်း တိုင်းဒေသကြီး/ပြည်နယ်များနည်းတူ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကြောင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးသည် အရေးကြီးကြောင်း၊ ထို့ပြင် တိုင်းရင်းသားများအနေဖြင့် မိမိတို့စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို မပျောက်ပျက်အောင် နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်နေသကဲ့သို အားလုံးကလည်း အလေးထားထိန်းသိမ်းကြရမည်ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ကချင်တိုင်းရင်းသားမျိုးနွယ်စု ခြောက်မျိုး၊ ရှမ်းတိုင်းရင်းသား မျိုးနွယ်ငါးမျိုး၊ ဗမာတိုင်းရင်းသားနှင့် ကရင်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး တိုင်းရင်းသားမျိုးနွယ်စုအလိုက် စာပေယဉ်ကျေးမှု ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များ၊ ဖြည့်ဆည်းပံ့ပိုး ပေးရမည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
