ဗင်နီဇွဲလား အတို-က်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုသည် သူမ၏ နိုဘယ်ငြိမ်းချမ်းရေးဆုသည် ဗင်နီဇွဲလားပြည်သူများအတွက် ရည်စူးကြောင်းနှင့် သူမ၏နိုင်ငံဒီမိုကရေစီလှုပ်ရှားမှုအတွက် “ဆုံးဖြတ်ချက်ချသည့် ပံ့ပိုးကူညီမှု” ပေးခဲ့သူ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်အားလည်း ရည်စူးကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။
“ဒီဆုကို ဆင်းရဲဒုက္ခခံနေရတဲ့ ဗင်နီဇွဲလားပြည်သူတွေနဲ့တကွ ကျွန်မတို့ရဲ့ ရည်မှန်းချက်အတွက် ဆုံးဖြတ်ချက်ချပြီး ပံ့ပိုးကူညီခဲ့တဲ့ သမ္မတ ထရမ့်ကိုပါ ရည်စူးပါတယ်” ဟု သူမက ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားခဲ့သည်။
“ကျွန်မတို့ အနိုင်ရဖို့ အဆင့်ကို ရောက်နေပါပြီ။ ဒီနေ့မှာတော့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ရရှိဖို့အတွက် သမ္မတ ထရမ့်၊ အမေရိကန်ပြည်ထောင်စုက ပြည်သူတွေ၊ လက်တင်အမေရိကက ပြည်သူတွေနဲ့ ကမ္ဘာပေါ်က ဒီမိုကရေစီနိုင်ငံတွေကို ကျွန်မတို့ရဲ့ အဓိကမဟာမိတ်တွေအဖြစ် ယခင်ကထက် ပိုမိုအားကိုးနေပါတယ်” ဟုလည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။
သူမသည် “ဗင်နီဇွဲလားပြည်သူများအတွက် ဒီမိုကရေစီအခွင့်အရေးများမြှင့်တင်ရန် ပင်ပန်းနွမ်းနယ်မှုမရှိဘဲ လုပ်ဆောင်ခြင်းနှင့် ဒီမိုကရေစီသို့ တရားမျှတပြီး ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရန် ရုန်းကန်ကြိုးပမ်းမှု” အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း နိုဘယ်ဆုကော်မတီက ကိုးကားဖော်ပြခဲ့သည်။
