ပုဂ္ဂလိကကဏ္ဍ၏ ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရေးနှင့် နိုင်ငံတကာစျေးကွက် စံချိန်စံညွှန်းမီ အရည်အသွေးမြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ရတနာသိင်္ဂီ စက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်၏ ရေထွက်ပစ္စည်းပြုပြင်အေးခဲခြင်းနှင့် ရေခဲစက်ရုံ၌ တန်ချိန် ၁၁ဝဝ ဆံ့ အအေးခန်းဖြင့် ပြင်ပအပ်ကုန်များ လက်ခံဆောင်ရွက်ပေးနေမှု၊ ရတနာသိင်္ဂီစက်မှု လုပ်ငန်းကုမ္ပဏီလီမိတက် (အအေးခန်းစက်ရုံ) မှ ရေချိုငါး၊ ရေငန်ငါးများ အေးခဲပြုပြင်ပြီး China၊ Saudi၊ Kuwait၊ UAE နိုင်ငံများသို့ အဓိကတင်ပို့နေမှုနှင့် BAP စနစ်ဖြင့် ဆော်ဒီနိုင်ငံသို့ မွေးမြူရေးငါးများ တင်ပို့နိုင်ရေး ဆောင်ရွက်နေမှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အလားတူ ရွှေပြည်သာ စက်မှုဇုန် (၃) ရှိ Pyilonechantha Trading Co., Ltd. ၏ တန် ၆၀၀ ဆံ့ အအေးခန်းစက်ရုံတွင် Surimi (ငါးကြိတ်သား) ထုတ်လုပ်ပြီး Japan၊ Vietnam၊ Singapore အစရှိသော နိုင်ငံများသို့တင်ပို့နေမှု၊ Surimi လုပ်ငန်းမှ စွန့်ပစ်ပစ္စည်းများဖြစ်သော ငါးခေါင်း၊ အရိုး၊ ကြိတ်ဖတ်များနှင့် Fish Meal (ငါးစာမှုန့်) ထုတ်လုပ်၍ ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်များသို့ ရောင်းချပေးနေမှုကိုလည်းကောင်း၊ ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်းကုမ္ပဏီလီမိတက်၏ အအေးခန်းစက်ရုံ (လှိုင်သာယာ) တွင် ရေချို၊ ရေငန်၊ ငါး၊ ပုစွန်များအား အဆင့်မြင့်အေးခဲထုတ်လုပ်ပြီး တန်ဖိုးမြင့်ကုန်ချောအဖြစ် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေမှု၊ ငါးမွေးမြူရေးကန်များမှ ထွက်ရှိသည့် ထုတ်ကုန်များကို အရည်အသွေးမီပြုပြင်ထုတ်လုပ်အေးခဲပြီး တရုတ်နိုင်ငံ၊ ထိုင်းနှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့နေမှုကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဈေးကွက်လိုအပ်ချက်အရ ဆော်ဒီအာရေဗျနိုင်ငံသို့ မွေးမြူရေးရေထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်ရာတွင် BAP စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာကျင့်သုံးရန် ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။
ပြည်တွင်းစားသုံးမှုဖူလုံစေရန်နှင့် ပြည်ပတင်ပို့ ရောင်းချနိုင်ရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြု၍ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ကြရန်လိုကြောင်း၊ အလားတူ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
