မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊စီကောင်းကျေးရွာတွင် ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက လုံခြုံရေးအဖွဲ့ဝင်များနှင့်လက်နက်ကိုင်အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနေ့နံနက် ၁၁ နာရီခွဲခန့်က ငါန်းဇွန်မြို့နယ်၊စီကောင်းကျေးရွာတွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဥ်တစ်ခုနှင့်ပတ်သက်၍ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။
ထိုသို့ ရောက်ရှိနေသည့် လုံခြုံရေးအဖွဲ့ဝင်များအား လက်နက်ကိုင်အဖွဲ့ဝင် ၂၀ ဦးခန့်က လက်လုပ်ဆွဲမိုင်း၊လက်လုပ်သေနတ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့သူ့အမျိုးသမီး အသတ်ခံရတဲ့ဖြစ်စဥ်ကို လုံခြုံရေးအဖွဲ့ဝင်တွေက စစ်ဆေးရေးလုပ်နေတဲ့အချိန်ဖြစ်တာပါ”ဟု လုံခြုံ ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
အပြန်အလှန်ပစ်ခတ်ပြီး လက်နက်ကိုင်အဖွဲ့ဝင်များထွက်ပြေးသွားပြီးနောက် လက်လုပ်မိုင်းနှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
