ငလျင်သင့်ဒေသ (၃)နေရာဖြစ်သည့် မန္တလေး ၊ စစ်ကိုင်းနှင့် နေပြည်တော်တို့တွင် ပြန်လည်အသုံးပြုနိုင်သည့်အဆောက်အအုံ စုစုပေါင်း (၁၄၆၀၄) လုံး ရှိကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီထံမှ သိရသည်။
ယင်းသည် ပျက်စီးဆုံးရှုံးမှုများအနက် (၇၅)ရာခိုင်နှုန်းသော ပြန်လည်အသုံးပြုနိုင်သည့် အဆောက်အအုံ ပမာဏာဖြစ်ပြီး အသေးစိတ် စစ်ဆေးရန် လိုအပ်သည့် အဆောက်အအုံ စုစုပေါင်း (၃၀၀၀)လုံး နှင့် အကြီးစားပြန်လည်ပြင်ဆင်ရန်နှင့် ငလျင်အားဖြည့် မွမ်းမံရန် လိုအပ်သည့် အဆောက်အအုံ စုစုပေါင်း (၁၉၅၄) လုံးခန့်ရှိကြောင်း ဆိုသည်။
လက်ရှိအချိန်အထိ Earthquake Clinic ၏ လုပ်အားပေးအင်ဂျင်နီယာများမှ စစ်ကိုင်း၊ မန္တလေး နှင့် နေပြည်တော် မြို့များတွင် စစ်ဆေးခဲ့သည့် အဆောက်အအုံ စုစုပေါင်း (၂၀၀၀၀)ခန့်ကို စစ်တမ်းကောက်ယူပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ငလျင်ကော်မတီ အနေဖြင့် ပထမအဆင့် လုပ်ငန်းတစ်ရပ်ဖြစ်သည့် ထိခိုက်ပျက်ဆီးသွားသည့် အဆောက်အအုံများ၏ ပြန်လည် အသုံးပြုနိုင်စွမ်း ဆန်းစစ်ခြင်းလုပ်ငန်းများကို စစ်ကိုင်း၊ မန္တလေး နှင့် နေပြည်တော်မြို့များတွင် Earthquake Clinic Volunteer Engineers များဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကော်မတီအနေဖြင့် ငလျင်ဒဏ် ခံစားခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကို စနစ်တကျစစ်ဆေးမှုများဆောင်ရွက်နိုင်ရန်အတွက် စိတ်ပါဝင်စားသူ လုပ်အားပေးလိုသည့် အင်ဂျင်နီယာများအား ဖိတ်ခေါ်၍ Earthquake Clinic များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်း စသည့် မြို့ကြီး များတွင် ဧပြီလ (၉) ရက်မှ စတင်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။