မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စုရှိ လက်သည်းရေကန်တောင်ကျောင်း(ခ)သုံးပန်လှကျောင်းဝန်းအတွင်းမှ ရှေးဟောင်းနှစ်ထပ်အုတ်ကျောင်းဆောင်အား ရှေးမူမပျက်ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရှေးမူမပျက်အပိုင်းလိုက်ပြန်လည်ပြုပြင်မွမ်းမံနေမှုအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ နိုဝင်ဘာ ၁ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေး၍ လမ်းညွှန်မှာကြားမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုင်းဝန်ကြီးချုပ်သည် ပြည်မြို့၊ မြကန်သာရပ်ကွက်အတွင်းကြည့်ရှုစစ်ဆေး၍ နှစ်စဉ်ရေကြီးနစ်မြှုပ်မှုလျော့နည်းစေရေးအတွက် အုတ်ရေမြောင်းပြုလုပ်ရန်၊ အုတ်ရေမြောင်းနှင့် တစ်ဆက်တည်းကွန်ကရစ်လမ်းခင်းရန်၊ လမ်းဧရိယာနှင့်မလွတ်ကင်းသည့်လမ်းမီးတိုင်များ နေရာပြောင်းရွှေ့ရန်နှင့် အနောက်နန်းကန်တော်အား ပြန်လည်အဆင့်မြှင့်တင်ဖော်ထုတ်ရန်တို့ကိုလည်းမှာကြားခဲ့ကြောင်း သိရသည်။
ထို့အတူ ရတနာမာန်အောင်ရပ်ကွက်၊ နှင်းဆီလမ်း အရှည်ပေ (၁,၄၅၀) အား ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ပေးနိုင်ရန်ကြည့်ရှုစစ်ဆေးပြီးနောက် မြို့တွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး နှစ်အလိုက်ဦးစားပေးလမ်းများ စိစစ်တင်ပြရန်၊ ရပ်ကွက်အတွင်း လမ်းမီးကြိုးများပြန်လည်လဲ လှယ်ရန်၊ လမ်းဧရိယာများသတ်မှတ်၍ ကျူးကျော်မှုမရှိစေရေးအလေးထားဆောင်ရွက်ရန်တို့ကိုလည်းမှာကြားခဲ့ကြောင်း သိရသည်။
