ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များသည် သတ်မှတ်တန်ချိန်များဖြင့် ဖြတ်သန်းသွားနိုင်ရေး အလွန်အရေးကြီးသဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ အသိပညာပေးဆောင်ရွက်ရန် မှာကြား
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်(ယနေ့)နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (ရန်ကုန်-နေပြည်တော်လမ်းပိုင်း)ရှိ လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များနှင့် မန္တလေးငလျင်ဒ-ဏ်ကြောင့် ပျ-က်စီးသွားသော လမ်း၊ တံတားများ ပြန်လည်ပြုပြင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၃)လမ်းဆုံတိုးလ်ဂိတ်သို့ သွားရောက်ပြီး တိုးလ်ဂိတ်ရှိ ငွေကောက်ခံမှု စနစ်များနှင့် နည်းပညာဆိုင်ရာ ဆောင်ရွက်ထားမှုအခြေအနေများ ၊ အမြန်လမ်းမကြီး၌ ဖြတ်သန်းခွင့်ရှိသည့် Telematic စနစ်တပ်ဆင် ထားသည့် သတ်မှတ် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင် မှန်လုံယာဉ်များ၏ ဘေးအန္တရာယ်ကင်းရှင်း၍ လမ်းခရီး ချောမွေ့စွာသွားလာနိုင်ရေးအတွက် သတ်မှတ်တန်ချိန် ကျော်လွန်မှု မရှိစေရန် တိုးလ်ဂိတ်ရှိကတ္တားပေါ်၌ ချိန်တွယ်၍ ဖြတ်သန်းမောင်းနှင်သွားလာနေမှု အခြေအနေများ ၊ နေ့စဉ် ကောက်ခံရရှိသည့် မော်တော်ယာဉ်ဖြတ်သန်းခများအား စနစ်တကျ စာရင်းပြုစုထားမှု အခြေအနေများ၊ တိုးလ်ဂိတ်အဆောက်အဦနှင့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူနှင့် လမ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်တို့က လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။
ဒုတိယဝန်ကြီးက ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြောင့် ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ လမ်းပိုင်းအချို့နှင့် တံတားအချို့ပျ-က်စီးခဲ့ရာ ယခုအချိန်အထိ ပြန်လည်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆွာချောင်းတံတားအပါအဝင် အမြန်လမ်းမကြီးပေါ်ရှိ တံတားအချို့ ထိခို-က်ပျ-က်စီးခဲ့သဖြင့် ပြန်လည်တည်ဆောက်ပြုပြင်ခြင်းအား ၂၀၂၆ ခုနှစ်၊ မတ်လတွင် ပြီးစီးအောင် အရှိန်အဟုန် ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးနှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် တံတားအချို့အား ယာယီအစီအစဉ်ဖြင့် ဖြတ်သန်းသွားလာနိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ထို့ကြောင့် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင် ယာဉ်များသည် သတ်မှတ်တန်ချိန်များဖြင့် ဖြတ်သန်းသွားနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ မော်တော်ယာဉ်များအနေဖြင့် သတ်မှတ်တန်ချိန်ကျော်လွန်ပါက ယာယီအစီအစဉ်ဖြင့် ဖြတ်သန်းခွင့်ပြုထားသည့် ဆွာချောင်းတံတား၏ကြံ့ခိုင်မှု ထိခို-က်ပျ-က်စီးနိုင်ပြီး ခရီးသွား ပြည်သူများ၏ အသက်အန္တရာယ်လုံခြုံရေး ထိခိုက်မှုအပြင် ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်ရေး ပြတ်တောက်မှုနှင့် ကြန့်ကြာမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် တိုးလ်ဂိတ်ရှိ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအနေဖြင့် ခရီးသွားပြည်သူများအပါအဝင် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ၏ တာဝန်ရှိသူများအား နားလည်သဘောပေါက်စေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့မှသာ ခရီးသွားပြည်သူများဘေးကင်းစွာ သွားလာနိုင်မည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအတိုင်း ထွက်ခွာလာပြီး ၁၁၅မိုင်(ဖြူး)တိုးလ်ဂိတ်သို့ ရောက်ရှိရာ တိုးလ်ဂိတ်တွင် လမ်းအသုံးပြုခကောက်ခံနေမှုနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် (၁၆၅/၁-၁၆၅/၃)ကြားရှိ ဆွာချောင်းတံတား(အပြန်) တည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တံတားအထူးအဖွဲ့ တာဝန်ခံက ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြပြီး တံတားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက်ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက သတ်မှတ်ကာလအတွင်း အရည်အသွေးကောင်းမွန်စွာဖြင့် ပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားပြီး လုပ်ငန်းခွင်အတွင်း အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
