စင်္ကာပူ၊နိုဝင်ဘာ ၂၄
နိုဝင်ဘာ ၂၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံအနောက်ဂျာဗားကျွန်းတွင်လှုပ်ခဲ့သော ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုများသက်သာစေရန်နှင့် လူသားချင်းစာနာမှုအကူအညီအဖြစ်စင်္ကာပူအစိုးရကစင်္ကာပူကြက်ခြေနီအဖွဲ့ထံ ကန်ဒေါ်လာတစ်သိန်းထည့်ဝင်မည်ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါထည့်ဝင်လှူဒါန်းမှုသည် စင်္ကာပူကြက်ခြေနီအဖွဲ့၏ ကန်ဒေါ်လာငါးသောင်းတောင်းဆိုထားမှုအတွက် အပိုဆောင်းဖြည့်စွက်လှူဒါန်းခြင်းဖြစ်သည်။
ထိုငွေများဖြင့် ငလျင်ဘေးသင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသည့် အစားအစာ၊ဆေးဝါးနှင့်အရေးပေါ်နေထိုင်ရန်စခန်းများအား လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
စင်္ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) ကလည်း အာဆီယံဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်လူသားချင်းစာနာမှုအကူအညီဆိုင်ရာ ညှိနှိုင်းရေးစင်တာမှတစ်ဆင့် အင်ဒိုနီးရှား၏ အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်းပြောကြားခဲ့သည်။
SCDF အနေဖြင့်လည်း အင်ဒိုဘက်မှတောင်းဆိုလာပါက မြို့ပြရှာဖွေရေးနှင့်ကယ်ဆယ်ရေး၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီများပေးအပ်ရန် အဆင်သင့်ရှိသည်ဟုလည်းဆိုခဲ့သည်။
ဂျန်ရီဂျူးမြို့တွင်လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ၂၇၂ ဦးထက်အနည်းသေဆုံး ခဲ့ပြီး ထောင်ချီ ၍အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်ဟုလည်းဖော်ပြထားသည်။
Source : CNA
