ငလျင်ဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက်ယနေ့ မေလ(၆) ရက်မှ (၃၁) ရက်အထိ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးကာလကို ထပ်မံ တိုးမြှင့်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန် ကြေညာထားသည်။
အဆိုပါ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် အများပြည်သူ သွားလာ အသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောက်ယှက် တိုက်ခိုက်ခြင်း ၊ ပြည်သူလူထု၏ အသက်အိုးအိမ်ကို ထိခိုက် ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအားတိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက် တိုက်ခိုက်ခြင်း၊ ငြိမ်းချမ်းရေးထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်မှုများကို မပြုရန်နှင့် ထိုသို့ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် လူထုကို ကာကွယ်သောအားဖြင့် လိုအပ်သည့် အရေးယူတုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီလ (၂) ရက်မှ (၃၀) ရက်အထိကိုလည်း ယာယီပစ်ခတ်ခိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် နစက မှ သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ကာ ယခုထပ်မံ၍ သက်တမ်းတိုး သတ်မှတ်ခဲ့ခြင်းလည်း ဖြစ်သည်။
ငလျင်ဒဏ်သင့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်ရည်ရွယ်ကြောင်းနှင့် လက်ရှိကာလတွင် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အစိုးရရုံးဌာနများ ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လမ်းပန်းဆက်မှု လုပ်ငန်းများ၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်နေသည့်အတွက် ယာယီပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးကာလကို သက်တမ်းထပ်တိုးထားခြင်းဖြစ်ကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။