ငလျင်ဒဏ်ကြောင့် ရွှေ့ဆိုင်းလိုက်သည့် မအူပင် တက္ကသိုလ်၏ အဝေးသင်သင်တန်း၊ ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် နေ့သင်တန်းများ၏ နောက်ဆက်တွဲ စာမေးပွဲများကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ဇွန်လ (၉) ရက်က မအူပင်တက္ကသိုလ်မှ ထုတ်ပြန်ထားသည်။
မအူပင်တက္ကသိုလ် အဝေးသင်သင်တန်း ဘွဲ့နှင်းသဘင်အခမ်းအနား အစမ်းလေ့ကျင့်ပွဲကို ဇွန်လ (၁၄) ရက်တွင်လည်းကောင်း၊ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဇွန်လ (၁၅) ရက်၊ (၁၆) ရက်များတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နေ့သင်တန်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် (၂၀၂၀ ခုနှစ်အောင်) သင်တန်းတွင် ကျရှုံးခဲ့သော ဘာသာရပ်များ၏ နောက်ဆက်တွဲစာမေးပွဲကို ဇွန်လ(၁၂) ရက်မှ(၁၇)ရက်နေ့အထိ ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၇) ရက်က ညောင်တုန်းမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်လှုပ်ခတ်မှုကြောင့် မအူပင် တက္ကသိုလ်၏ ဘွဲနှင်းသဘင်ခန်းမ အဆောက်အဦ၏ အရှေ့ဘက်ခြမ်းမှ အုတ်နံရံများ ပြိုကျခဲ့ရာ အဆောက်အဦတွင် အက်ကွဲမှုများလည်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။