‘ပက်ပက်စက်စက်ညှို့’ ရုပ်ရှင် ဇာတ်ကားက ပရိသတ်အားပေးတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့လေတော့ နောက်ထပ်သရုပ်ဆောင်ဖို့၊ ဇာတ်ကားရိုက်ကူးဖို့အစီအစဉ်ရှိသေးလား ဆိုတဲ့အမေးကို မိုးစက်ဝိုင်နဲ့ တွေ့တုန်းမေးဖြစ်ခဲ့ပါတယ်။ ”ပက်ပက်စက်စက်ညှို့ဇာတ်ကား ကြည့်ရှုပြီးသွားတဲ့အခါ အပြင်သွားရင် မိုးစက်ကို ဘာကားရိုက်ဦးမှာလဲဆိုပြီးမေးကြတယ်။ လောလောဆယ် မိုးစက်မှာ ရိုက်ဖို့ကားကမရှိသေးဘူး။ ပက်ပက်စက်စက်ညှို့ဇာတ်ကားမှာ မိုးစက်နဲ့ ပရိသတ်တွေ တအားရင်းနှီးမှုရသွားတယ်လို့ ခံစားရတယ်။ မိုးစက် အပြင်သွားလို့ရှိရင် ပရိသတ်တွေက Miss Universe Myanmar တစ်ယောက်အနေနဲ့ ကြောက် တာတို့၊ မာနကြီးတာတို့လို့ ထင်ကြတယ်။ ပက်ပက်စက်စက်ညှို့ ဇာတ်ကားကြည့်ရှုပြီးသွားတဲ့ အခါမှာ ပရိသတ်တွေက သူတို့စိတ်ထဲမှာ ရင်းနှီးမှုတစ်ခုရှိနေလို့လားမသိဘူး။ ဟယ်…..ဟိုမှာ နှင်းပွင့်တို့၊ ဧကရီတို့ ဆိုပြီးပြောကြတယ်။ အဲဒီအတွက် မိုးစက်ကတော့ ကိုယ်နဲ့သင့်တော် မယ့်ဇာတ်ကားရှိရင် ရိုက်ကူးချင် ပါတယ်” လို့ သူမကပြောပြပါတယ်။
မိုးစက်နဲ့ဆို ရွှေထူးနဲ့က အရပ်ရှည် တာချင်းလည်းတူတယ်။ ဇာတ် ကားထဲမှာလည်း တွဲဖက်ညီတယ်။ မောင်နှမလိုဖြစ်နေကြတော့ ဒီ ၂ယောက်ကြားထဲမှာ ဘယ်လိုနားလည်မှုတွေရှိလဲဆိုတာကိုလည်း ဆက်လက် မေးတဲ့အခါ…”မိုးစက်နဲ့ ရွှေထူးနဲ့စဆုံဖြစ် တာကတော့ သူ့ရဲ့’မမျှော်လင့်တော့ပါဘူး’သီချင်းမှာ စဆုံတာ ပေါ့နော်။ အဲဒီမှာ စဆုံတုန်းကဆိုလို့ရှိရင်လည်း သူကအရမ်းပွင့်လင်းတယ်။ စကားပြောရင် အစ်မ၊ အစ်မနဲ့။ သူက တကယ်လည်း မိုးစက်ထက် အများကြီးငယ်ပါတယ်။ မိုးစက်ကလည်း သူ့ကို ဆိုရင် အမြဲတမ်းစဖြစ်ပါတယ်။ ငါရုပ်နုတာမဟုတ်ဘူး။ နင်ရုပ်ရင့် နေတာပါ စသဖြင့်ပေါ့လေ။ အဲဒီလို မျိုးကြောင့် မိုးစက်တို့ ၂ယောက် အတွဲညီသွားတယ်။ ရင်းနှီးမှုတစ်ခုရှိတယ်။ မောင်နှမလို လည်းဖြစ်တယ်။ သူငယ်ချင်းလိုလည်းဖြစ်တယ်။ ရှက်တာကြောက်တာမရှိဘူး။ တစ် ယောက်နဲ့ တစ်ယောက်အကြံပေးဖြစ်တော့ မိုးစက်တို့အလုပ် လုပ်တဲ့အခါမှာ အဆင် ပြေတာပေါ့” လို့ မိုးစက်ဝိုင်ကပြောပါတယ်။
ကိုယ်တိုင်က အနုပညာ အလုပ်တွေလုပ်သလို စီးပွားရေးဘက်မှာလည်း MOEZY by moesetwine ဆိုတဲ့ Beauty Product ကို လုပ်ကိုင်နေတဲ့ မိုးစက်ဝိုင်ကို အား ပေးကြတဲ့၊ အားကျကြတဲ့ မိန်းကလေး ငယ်လေးတွေအတွက် စကားလက်ဆောင်တစ်ခုခုပြောပေးပါလို့ဆို တော့”ပြောရမယ်ဆိုလို့ရှိရင်တော့ မိုးစက် စီးပွားရေးလုပ်ချင်ခဲ့ တာတော့ ကြာပြီပေါ့နော်။ မိုးစက်ငယ်ငယ်ကတည်းက ကုမ္ပဏီ တွေမှာ လိုက်ပြီးတော့ အလုပ်လုပ်ဖူးတယ်။ ပိုက်ဆံရတာ၊ မရတာက အဓိကမဟုတ်ဘူး။ အဓိကက ကိုယ်တကယ်ပညာ သင်ယူတယ်။ ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိလာတယ်။ အဲဒါကြောင့်မို့လို့ ငယ်ရွယ်တဲ့သူတွေအားလုံးကို အကြံ ဥာဏ်ပေးချင်ပါတယ်။ အဓိကကတော့ အလုပ် တစ်ခုလုပ်တဲ့အခါမှာ တကယ်ကိုပဲ နားလည် အောင်၊ သိအောင်၊ ကျွမ်းကျင်အောင် ကြိုး စားပြီးတော့ တဖြည်းဖြည်းနဲ့ ဘဝကို ရှင် သန်သွားရမှာပေါ့နော်။ မိုးစက်လည်း အခုဆို အကုန်သိပြီးတော့ မဟုတ် ပါဘူး။ ဒါပေမဲ့ နောက်ဆိုပိုသိ လာမှာပေါ့(ရယ်လျက်)” လို့ မိုးစက်ဝိုင်က ပြောပြခဲ့ ပါတယ်။
မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း