ဂျာမနီနိုင်ငံ၊ Frankfurt မြို့၌ Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅) ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသနိုင်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
အဆိုပါ ပြပွဲကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလလ (၁၇)ရက်မှ (၁၈) ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာသံရုံးအပါအဝင် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် ပတ်သက်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်လေ့လာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအတွက် ပြခန်းများ လာရောက်ပြသနိုင်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုပြပွဲသည် အမျိုးမျိုးသော နယ်ပယ်များနှင့် ကဏ္ဍပေါင်းစုံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေးအတွက် ရည်မှန်းကျင်းပသော နိုင်ငံတကာအဆင့်မီပြပွဲကြီးဖြစ်ပြီး နိုင်ငံအသီးသီးမှ ရင်းနှီးမြှုပ်နှံသူများနှင့် ထိတွေ့ဆွေးနွေးနိုင်ကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိုအပ်ချက်များကို တစ်နေရာတည်းတွင် လေ့လာနိုင်သည့် Global Platform တစ်ခုဖြစ်ကြောင်း သိရသည်။
IME သည် နိုင်ငံအလိုက်၊ ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး အခွင့်အလမ်းများအတွက် ဝန်ကြီးဌာနများ၊ ရင်းနှီးမြှုပ်နှံသူများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆိုင်ရာအဖွဲ့အစည်းများ (Investment Promotion Agencies) များနှင့် အခြားသော Stakeholder များအကြား အကျိုးရှိစေမည့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကွန်ရက်တစ်ခုလည်း ဖြစ်ကြောင်း၊ ဂျာမနီ၊ ပြင်သစ်နှင့် အခြားသော ဥရောပနိုင်ငံများ၊ အမေရိကန်နှင့်အာရှနိုင်ငံများ၊ အရှေ့ အလယ်ပိုင်းနိုင်ငံများ၊ အာဖရိကနိုင်ငံများအပါအဝင် နိုင်ငံများစွာမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးဝန်ကြီးများနှင့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသော Investment and Technology Promotion Office of United Nations Industrial Development Organi zation (UNIDO ITPO) ၊ European Investment Bank (EIB) ၊ OECD နှင့် The German Society for Internati onal Cooperation (GIZ) တို့မှ ကိုယ်စားလှယ်များ၊ Investment Promotion Agency များ၊ ဂျာမနီအခြေစိုက်သံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ သံအမတ်ကြီးများနှင့်သံတမန်များ၊ Industry Expert များ၊ မိသားစုစီးပွားရေးလုပ်ငန်းများ၊ အိမ်ခြံမြေနှင့်အခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံလိုသူများနှင့် SMEs လုပ်ငန်းရှင်များ၊ ဘာသာရပ်ဆိုင်ရာပညာရှင်များ တက်ရောက်လေ့ရှိကြကြောင်း သိရသည်။
Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅)သို့ ပါဝင်တက်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်လိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade@ gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။