အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်၏ ကျောင်းတစ်ကျောင်းအတွင်းရှိဗလီ၌ သောကြာနေ့ဝတ်ပြုချိန်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၅၄ ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း မြို့တော်ရဲချုပ် အာဆက်ပ် အက်ဒီဆူဟာရီက ပြောကြားခဲ့သည်။
မြောက်ဂျကာတာရှိ ရေတပ်ဝန်းတစ်ခုအတွင်း၌ တည်ရှိသော ဗလီတွင် သောကြာနေ့ မွန်းတည့်အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။
မျက်မြင်တွေ့ရှိသူများက ပြောကြားရာတွင် ဗလီ၏ ပင်မဆောင်အနောက်ပိုင်းမှ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ရဲနှင့် ရေတပ်သားများက အခင်းဖြစ်ဧရိယာကို ချက်ချင်းပိတ်ဆို့ခဲ့ပြီး ဗုံးရှင်းလင်းရေးအဖွဲ့က အခင်းဖြစ်နေရာကို စေ့စေ့စပ်စပ် စစ်ဆေးခဲ့သည်။
ကနဦး စုံစမ်းစစ်ဆေးမှုအရ ဝါယာရှော့ဖြစ်ခြင်း သို့မဟုတ် အီလက်ထရွန်းနစ်ကိရိယာတစ်ခုခု ချို့ယွင်းခြင်းကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆထားသည်။
Ref: ရှင်းဟွာ
