ပြုံးယမ်း၊ ဒီဇင်ဘာ ၂၂
ဂျပန်၏ နျူကလီးယားလက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းမှုကို တားဆီးရမည်ဟု ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (ဒီပီအာရ်ကေ) က ပြောကြားခဲ့ကြောင်း တရားဝင် ကိုရီးယားဗဟိုသတင်းဌာနက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံအနေဖြင့် အနီရောင်မျဉ်းကို ကျော်လွန်ကာ နျူကလီးယားလက်နက်များ ပိုင်ဆိုင်လိုသည့် ၎င်း၏ ရည်မှန်းချက်ကို ထုတ်ဖော်ပြသခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ ဂျပန်လေ့လာရေးသိပ္ပံဒါရိုက်တာ၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ အဆိုပါသတင်းအေဂျင်စီက ဖော်ပြသည်။
ဂျပန်နိုင်ငံသည် ၎င်း၏ လက်ဦးမှု ရယူနိုင်စွမ်းကို မြှင့်တင်ခြင်း၊ လက်နက်တင်ပို့မှုကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းနှင့် နျူကလီးယားမပိုင်ဆိုင်ရေးဆိုင်ရာ အခြေခံမူ ၃ ချက်ကို ပြန်လည်သုံးသပ်ခြင်းတို့မှတစ်ဆင့် ၎င်း၏ စစ်ရေးလုံခြုံရေးမူဝါဒများကို ပြင်ဆင်နေကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“ဒါဟာ မှားယွင်းပြောဆိုမှုမဟုတ်ဘဲ နျူကလီးယားလက်နက် တပ်ဆင်လိုတဲ့ ဂျပန်ရဲ့ နှစ်ရှည်လများ စွဲကိုင်လာတဲ့ ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း ထင်ဟပ်ဖေါ်ပြလိုက်တာ ဖြစ်ပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးခဲ့သော နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများကို ပြဋ္ဌာန်းထားသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေအားလုံးနှင့် ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပေါ်ပေါ်ထင်ထင် စိန်ခေါ်ခြင်းလည်း ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
“အစိုးရထံ လုံခြုံရေးမူဝါဒများ အကြံပြုရန် တာဝန်ရှိသည့် အဆင့်မြင့်အရာရှိတစ်ဦး၏ ယခုကဲ့သို့ မဆင်မခြင် ပြောဆိုချက်များသည် ဂျပန်နိုင်ငံရေးအသိုင်းအဝိုင်းက နျူကလီးယားလက်နက်များ ပိုင်ဆိုင်ရန် အပြင်းအထန်ကြိုးပမ်းနေသည်ကို သက်သေပြနေပြီး ဂျပန်၏ စစ်လိုလားသော သဘောနှင့် ရန်လိုသောအသွင်ကို ရှင်းရှင်းလင်းလင်းပြသနေတယ်” ဟု ဆိုပါသည်။
ဂျပန်နိုင်ငံသာ နျူကလီးယားလက်နက်များ ပိုင်ဆိုင်ခဲ့မည်ဆိုပါက အာရှနိုင်ငံများ ဆိုးရွားစွာ ခံစားရမည်ဖြစ်ပြီး လူသားမျိုးနွယ်စုကြီးသည် ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဂျပန်၏ ကျူးကျော်စစ် သမိုင်းကြောင်းက ရှင်းရှင်းလင်းလင်း သက်သေပြနေကြောင်း၊ ငြိမ်းချမ်းရေးကို မြတ်နိုးသူများအနေဖြင့် ဂျပန်၏ စစ်ရေးရည်မှန်းချက်များကို ပြတ်ပြတ်သားသား ဟန့်တားသင့်ကြောင်း အဆိုပါဖော်ပြချက်တွင် ဖော်ပြထားသည်။
Ref: ရှင်ဟွာ
