မြန်မာနိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် ဝင်လာရောက်မည့် ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာ ၁ နှစ်သက်တမ်းတိုးခွင့်ပြုထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါနိုင်ငံများမှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်)(Tourist Visa on Arrival)ကို စမ်းသပ်ကာလ ၁ နှစ် ပထမအကြိမ် ထပ်မံ သက်တမ်းတိုးခွင့်ပြုပေးထားပြီး အဆိုပါခွင့်ပြုပေးမှုကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်အထိ စတင်၍ စမ်းသပ်ကာလ ၁နှစ် ခွင့်ပြုပေးခဲ့ဖြစ်သည်။
ယခုအခါ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၀ ရက်အထိ ပထမအကြိမ် ထပ်မံသက်တမ်းတိုးပေးခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်မည်ဆိုပါက ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး ဗီဇာသက်တမ်းတိုးခွင့်မရှိကြောင်းနှင့် ဟိုတယ်များတွင်သာ တည်းခိုနေထိုင်ခွင့်ရှိပြီး လုပ်ငန်းလုပ်ကိုင်ခွင့်မရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ပြုထားသည့် ဗီဇာ ၁၄ မျိုးမှာ သံတမန်/သံအဖွဲ့ဝင်၊ ကမ္ဘာလှည့်၊ ဖြတ်သန်း၊ စာနယ်ဇင်း/မီဒီယာ၊ အလုပ်ရုံ/ ဆွေးနွေးပွဲ/အစည်းအဝေး/သုတေသန၊ အလုပ်သမား၊ လုပ်ငန်း၊ လူမှုရေး၊ သာသနာရေး၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပညာရေး၊ ယာဉ်အမှုထမ်း၊ သံတမန်၏ ဧည့်သည်များ၊ သံတမန် မဟုတ်သည့် သံရုံးဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ဖြစ်ကြောင်း သိရသည်။
