အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အမေရိက၊ ဂျပန်နှင့် တောင်ကိုရီးယား သုံးနိုင်ငံ ထိပ်သီးအဆင့် ဆွေးနွေးပွဲကို ဩဂုတ်လ ၁၈ ရက်နေ့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဇူလိုင်လ ၂၈ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနှင့် အခြားသော အရေးကြီး ကိစ္စရပ်များအတွက် အာရှနိုင်ငံ နှစ်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်ရန် ဘိုင်ဒင် ကြိုးပမ်းနေစဉ် အဆိုပါ ဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဘိုင်ဒင်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုတို့ တက်ရောက်မည့် အဆိုပါ ထိပ်သီး ဆွေးနွေးပွဲကို မေရီလန်းပြည်နယ်ရှိ ကမ့်ဒေးဗစ် သမ္မတအပန်းဖြေစခန်း၌ ကျင်းပသွားမည်ဟု အိမ်ဖြူတော်က ပြောသည်။
“ခေါင်းဆောင်သုံးဦးဟာ ဆက်လက်ဖြစ်ပွားနေတဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ အာဆီယံနဲ့ ပစိဖိတ်ကျွန်းစုတွေကြားက ဆက်ဆံရေးကို ခိုင်မာအောင်လုပ်ဖို့ အပြင် အင်ဒို ပစိဖိတ်ဒေသတစ်လျှောက် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့အတွက် ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်” ဟု အိမ်ဖြူတော်၏ သတင်းပြန်ကြားရေး အရာရှိ ကရင်း ဂျန်-ပီရာ့က ပြောခဲ့သည်။
Source: Kyodo News