ဝါရှင်တန်၊စက်တင်ဘာ ၂၂
ဂျပန်ဝန်ကြီးချုပ်ကီရှီဒါနှင့်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် တိုကျိုနှင့်ဝါရှင်တန်တို့အကြား ပိုမိုခိုင်မာသောမဟာမိတ်ဖွဲ့မှုကိုပြုလုပ်ရန် နှစ်ဦးသားတွေ့ဆုံစဉ် အတည်ပြုပြောကြားခဲ့ကြကြောင်းသိရသည်။
အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်သည် ဂျပန်ဝန်ကြီးချုပ်နှင့်အလွန်ရင်းနှီးသောဆက်ဆံရေးရှိပြီး ကီရှီဒါသည် အမြော်အမြင်ရှိပြီးရဲရင့်သောဝန်ကြီးချုပ်တစ်ဦးဖြစ်သည်ဟုလည်း ချီးကျူးစကားဆိုခဲ့သည်။ မစ္စတာကီရှီဒါ၏ခေါင်းဆောင်မှုအောက်၌ ဂျပန်၏ ကာကွယ်ရေးစွမ်းရည်သည် အားကောင်းခိုင်မာခဲ့သည်ဟုလည်းဆိုသည်။
ယင်းနောက် ခေါင်းဆောင်နှစ်ဦးသည် အမေရိက -ဂျပန်မဟာမိတ်အခြေအနေကို ထပ်မံ တိုးမြှင့်ရန်နှင့် ခိုင်မာသောကမ္ဘာ့မိတ်ဖက်များအဖြစ် အတူတကွဆက်လက်ရပ်တည်နိုင်ရေးကို ကြိုးပမ်းရန်လည်း ကတိပြုခဲ့ကြသည်။
ထို့နောက် ၎င်းတို့သည် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးအပါအဝင် ယူကရိန်းကိုဆက်လက်ထောက်ပံ့ကာ ရုရှားကို တင်းကျပ်သည့် ပိတ်ဆို့ဒဏ်ခတ်မှုများကိုဆက်လက်ပြုလုပ်သွားမည့်အကြောင်းများကိုလည်း ဆွေးနွေးခဲ့ကြသေးသည်။
၎င်းတို့နှစ်ဦးလုံးသည် ၂၀၂၁ ခုနှစ်တွင် သမ္မတနှင့်ဝန်ကြီးချုပ်ရာထူးများကို အသီးသီးရယူခဲ့ကြသူများဖြစ်သကဲ့သို့ နှစ်ဦးစလုံးကလည်း ယခုတစ်ကြိမ်တာဝန်သက်တမ်းပြည့်ပါက ဆက်လက်ယှဉ်ပြိုင်ရွေးကောက်ခံတော့မည်မဟုတ်ကြောင်းပြောကြားထားသူများလည်းဖြစ်ကြသည်။
Source : နစ်ကေးအေးရှား