တိုကျို၊စက်တင်ဘာ ၂၁
ဂျပန်နိုင်ငံ အိရှိခဝခရိုင်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူတစ်ဦးေ-သဆုံးကာ ခုနစ်ဦးပျောက်ဆုံးနေပြီး လူများကို သောင်း နှင့်ချီ၍ ဘေးလွတ်ရာရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ထားရကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
အိရှိခဝမှ လူတစ်ဦးေ-သဆုံးကာ သုံးဦးပျောက်ဆုံးနေပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရထားသကဲ့သို့ ပျောက်ဆုံးနေသူသုံးဦးအနက် နှစ်ဦးသည် မြစ်ရေတက်စဉ် ရေစီးနှင့်မြောပါသွားခြင်းဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ငလျင်ဘေးကြောင့် ပျက်စီးနေသည့် ဝဂျိမ မြို့ရှိလမ်းတစ်ခုကို ပြန်လည်ပြုပြင်ရန် မြေယာဝန်ကြီးဌာနတွင် အလုပ်လုပ်လျက်ရှိသည့် ဝန်ထမ်းလေးဦးလည်းပျောက်ဆုံးနေကြောင်းပြောကြားခဲ့ပြီး အဆိုပါလုပ်ငန်းခွင်၌ လူ ၆၀ ခန့်အလုပ်လုပ်နေချိန် မြေပြိုမှုဖြစ်ပေါ်ပြီး ပျောက်ဆုံးနေကြခြင်းဖြစ်သည်ဟုလည်းသိရသည်။
“အလုပ်သမားတွေရဲ့လုံခြုံရေးကို သေချာစစ်ဆေးပေးဖို့ ကန်ထရိုက်တာတွေကိုညွှန်ကြားထားပေမယ့်လေးဦးလုံးနဲ့တော့အဆက်သွယ်မရသေးပါဘူး၊ကယ်ဆယ်ရေးကို လည်း ကြိုးစားလုပ်ဆောင်နေပေမဲ့ မြေပြို နေသေးတာကြောင့် ထင်သလောက်ခရီးမပေါက်ဖြစ်နေပါတယ်” ဟု တာဝန်ရှိသူတစ်ဦးကဆိုသည်။
ဂျပန်ကျိုဒိုသတင်းဌာနကမူ ဝဂျိမမြို့၌ လူ ၁၀ ဦးထက်မနည်းပျောက်ဆုံးနေနိုင်ကြောင်းရေးသားထားပြီး အိမ်ထောင်စုပေါင်း ၆,၀၀၀ သည် လျှပ်စစ်မီးပြတ်တောက်လျက်ရှိပြီး အချို့မှာ ရေမရသေးကြောင်း အိရှိခဝခရိုင်အစိုးရကပြောကြားခဲ့သည်။
လမ်းပန်းဆက်သွယ်ရေးလည်းပြတ်တောက်လျက်ရှိသကဲ့သို့ ဝဂျိမနှင့်ဆုဇုမြို့အပြင် နိုတိုမြို့များမှ ဒေသခံပေါင်း ၄၄,၇၀၀ ကို ပြောင်းရွှေ့အမိန့်ထုတ်ပြန်ထားပြီး နီဂတနှင့်ယာမဂတခရိုင်များမှ ပြည်သူများကိုလည်း ပြောင်းရွှေ့ခိုင်းထားကြောင်းတာဝန်ရှိသူများကဆိုသည်။
ဂျပန်မိုးလေဝသဌာနကမူ အိရှိခဝခရိုင်တစ်ခုလုံးကို အရေးပေါ်အခြေအနေကြေငြာထားပြီး အသက်အန္တရာယ်များသည့်ဒေသအဖြစ်လည်းကြေငြာထားကြောင်းသိရသည်။
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကလည်း သက်ဆိုင်ရာဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့် လူ့အသက်ကယ်ဆယ်နိုင်ရေးကို အဓိကထားဆောင်ရွက်ပြီး ပြင်ဆင်စရာရှိသည်များကို ချက်ချင်းပြင်ဆင်လုပ်ဆောင်ရန်လည်းညွှန်ကြားခဲ့သည်။
လက်ရှိအချိန်တွင် ကယ်ဆယ်ရေးသမားများကို ပံ့ပိုးကူညီနိုင်ရန် ကာကွယ်ရေးတပ်ဖွဲ့များကိုလည်းစေလွှတ်ထားပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။
ဂျပန်နိုင်ငံအလယ်ပိုင်း နိုတိုကျွန်းဆွယ်ရှိ ဝဂျိမနှင့်ဆုဇုမြို့များသည် နှစ်ကူးစကဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၃၆ ဦးေ-သဆုံးခဲ့ရသည့် ငလျင်ဘေးကို အဓိကခံစားခဲ့ရသည့်ဒေသများလည်းဖြစ်သည်။
Source : အေအက်ဖ်ပီ/ဂျီအက်စ်/ဒီဝိုင်