ဂျပန်နိုင်ငံမှ မြန်မာအလုပ်သမား ၁၀၀၀ ဦးကျော်အား ထပ်မံခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၃၁၂ ခုအားပေးပို့ခဲ့သည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊တိုကျိုမြို့မှ ဇန်နဝါရီ ၃၁ ရက်(ယနေ့)တွင် အသိပေးခဲ့သည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာ ၃၁၂ ခုနှင့်ပတ်သက်၍ မြန်မာသံရုံး၊တိုကျိုမြို့က ဇန်နဝါရီ ၁၇ ရက်မှ ၃၁ ရက်အတွင်းစိစစ်ပြီးနောက် စီစစ်တွေ့ရှိချက်များ၊သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့သည်။
မြန်မာသံရုံး၊တိုကျိုမြို့မှ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/မရှိနှင့်စာရွက်စာတမ်းအထောက်အထားများအား စိစစ်ခဲ့ခြင်းဖြစ်သည်။
မြန်မာသံရုံးတိုကျိုမြို့မှ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ(Demand Letter)များကို အချိန်နှင့်တစ်ပြေးညီ စီစစ်ပေးလျက်ရှိသည်။
