ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများဝန်းကျင်ရှိ ဝေဟင်နှင့် ရေပြင်များတွင် တရုတ်နှင့် ရုရှားလေတပ်များက စစ်ရေးလေ့ကျင့်မှုအပြီး၌ အမေရိကန်ဗုံးကြဲလေယာဉ်များသည် ဂျပန်ပင်လယ်ပေါ်တွင် ဂျပန်တိုက်လေယာဉ်များနှင့်အတူ ဗုဒ္ဓဟူးနေ့က အင်အားပြပျံသန်းခဲ့ကြောင်း တိုကျိုက ပြောကြားခဲ့သည်။
လက်ရှိအနေအထားကို အင်အားသုံး ပြောင်းလဲမည့် တစ်ဖက်သတ်ကြိုးပမ်းမှုမှန်သမျှကို ကာကွယ်ရန် ၎င်းတို့၏ ခိုင်မာသောဆုံးဖြတ်ချက်ကို ဂျပန်နှင့် အမေရိကတို့ က ထပ်လောင်းအတည်ပြုခဲ့ပြီး မိမိကိုယ်ကိုယ်မိမိကာကွယ်ရေးတပ်ဖွဲ့(SDF) နှင့် အမေရိကန်စစ်တပ်နှစ်ခုစလုံး၏ အသင့်အနေအထားရှိမှုကို အတည်ပြုခဲ့သည်ဟု ကြာသပတေးနေ့က သတင်းထုတ်ပြန်ချက်တွင် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန် ဘီ-၅၂ ဗုံးကြဲလေယာဉ်နှစ်စင်းသည် ဂျပန် အက်ဖ်-၃၅ ကိုယ်ပျောက်တိုက်လေယာဉ် သုံးစင်း၊ အက်ဖ်-၁၅ လေကြောင်းအသာစီးယူဂျက်လေယာဉ် သုံးစင်းတို့နှင့်အတူ ပျံသန်းခဲ့ခြင်းသည် ပြီးခဲ့သည့်သီတင်းပတ်တွင် ဒေသတွင်း၌ တရုတ်က စစ်ရေးလေ့ကျင့်မှုများစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကက ၎င်း၏ စစ်တပ်တည်ရှိမှုကို ပထမဆုံးအကြိမ်ထုတ်ပြခြင်းဖြစ်သည်။
အင်္ဂါနေ့က အရှေ့တရုတ်ပင်လယ်နှင့် ပစိဖိတ်အနောက်ပိုင်းရေပြင်တို့တွင် တရုတ်နှင့် ရုရှားတို့က မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ ကိုပူးတွဲပျံသန်းခဲ့ခြင်းနှင့် လေဆာရောင်ခြည်ဖြင့် ချိန်ရွယ်မှုလုပ်ခဲ့သဖြင့် ဂျပန်က တိုက်လေယာဉ်များ ကြိအရေးပေါ်ပျံတက်စေခဲ့ရသည်ဆိုသော တရုတ်လေယာဉ်တင်သင်္ဘောစစ်ရေးလေ့ကျင့်မှုတို့အပြီးတွင် ယခုအင်အားပြပျံသန်းမှု သည် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဂျပန်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံစလုံးသည် အမေရိကန်တပ်များကို လက်ခံအခြေစိုက်ခွင့်ပေးထားပြီး တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘောတပ်ဖွဲ့တစ်ခုနှင့် အမေရိကန် ပြည်ပစစ်ဆင်ရေးမရိန်းတပ်ဖွဲ့အပါအဝင် ဂျပန်သည် နိုင်ငံရပ်ခြားတွင် အမေရိက၏ စစ်ရေးအင်အားအများဆုံးစုစည်းထားရာနေရာဖြစ်သည်။
Ref: ဂျေပီ
