အမေရိကန်ပြည်ထောင်စုအနေဖြင့် ဗင်နီဇွဲလားနိုင်ငံနှင့် ဂရင်းလန်းကျွန်းကိစ္စများတွင် ရုရှား သို့မဟုတ် တရုတ်တို့အား ပါဝင်ခွင့်ပေးမည်မဟုတ်ကြောင်း၊ သို့သော် အနာဂတ်တွင် ဗင်နီဇွဲလားအစိုးရသည် ၎င်းတို့၏ မဟာမိတ်ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း အိမ်ဖြူတော်၌ ရေနံလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံနှင့် ၎င်း၏ အစိုးရသစ်ကို အမေရိကန်၏ မဟာမိတ်အဖြစ် ရှုမြင်ပါသလားဟု မေးမြန်းရာတွင် ထရမ့်က “အခုလောလောဆယ်မှာတော့ သူတို့က မဟာမိတ်ဖြစ်ပုံရနေပြီး ဆက်လက်ပြီးတော့လည်း မဟာမိတ်အဖြစ် ရှိနေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီမှာ ရုရှားကိုလည်း မရှိစေချင်ဘူး၊ တရုတ်ကိုလည်း မရှိစေချင်ဘူး” ဟု ဖြေကြားခဲ့သည်။
ထို့ပြင် ထရမ့်က “စကားမစပ်၊ ဂရင်းလန်းကျွန်းကိုလည်း ရုရှား ဒါမှမဟုတ် တရုတ်တို့ သွားကြတာကို ကျွန်တော်တို့ မလိုလားပါဘူး။ အကယ်၍ ကျွန်တော်တို့သာ ဂရင်းလန်းကို မယူထားဘူးဆိုရင် ရုရှား ဒါမှမဟုတ် တရုတ်က ခင်ဗျားတို့ရဲ့ အိမ်နီးချင်း ဖြစ်လာပါလိမ့်မယ်။ အဲဒီလိုမျိုးတော့ အဖြစ်ခံမှာ မဟုတ်ပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့သည်။
