ချီလီနိုင်ငံတွင် ဒါဇင်နှင့်ချီသော ပြင်းထန်တောမီးများကြောင့်ဖြစ်ပွားသည်အဆိုးရွားဆုံး သဘာဝဘေးဒဏ်ကို ထိန်းချုပ်နိုင်ရန် မီးသတ်သမားများက ကြိုးပမ်းလျှက်ရှိသည့်ကြားကပင် သေဆုံးသူ ၂၄ ဦးထက်မနည်း မြင့်တက်လာပြီး ဒဏ်ရာရသူ ၁၀၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း သိရသည်။
အပြင်းထန်ဆုံး တောမီးလောင်ကျွမ်းမှုကြောင့် တောင်အမေရိကနိုင်ငံ၏ ရှည်လျားသော ပစိဖိတ်ကမ်းရိုးတန်းအလယ်နားရှိ ဒေသသုံးခုတွင် သစ်တောများနှင့် လယ်မြေများ အစုလိုက်အပြုံလိုက် လောင်ကျွမ်းနေသည့်အတွက် လေယာဉ်များနှင့် ကျွမ်းကျင်မီးသတ်အဖွဲ့များ အပါအဝင် လက်တစ်ဆုပ်စာ နိုင်ငံအချို့မှ နိုင်ငံတကာအကူအညီများ ပူးပေါင်း၍ တနင်္ဂနွေနေ့တွင် စတင်ငြိမ်းသတ်နေလျှက်ရှိသည်။
သမ္မတ Gabriel Boric က ချီလီနိုင်ငံ Biobio၊ Nuble နှင့် Araucania တောင်ပိုင်း ကျေးလက်ဒေသအများစုအတွက် အရေးပေါ် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
အစိုးရဖက်မှ လိုအပ်သောအရင်းအမြစ်များအားလုံးကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သမ္မတကပြောကြားခဲ့ပြီး လူအသေအပျောက်ရှိသော တောမီးများကို ရင်ဆိုင်ရာတွင် စည်းလုံးညီညွတ်မှုက အရေးကြီးကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်ုပ်တို့ရဲ့ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်မှုကို ကျွန်တော်မြင်နေရပြီ။ အခုလို ခက်ခဲတဲ့ကာလမှာ ကျွန်တော်တို့ကို ဦးဆောင်တဲ့ စိတ်ဓာတ်ကသာလျှင် အရေးအကြီးဆုံးဆိုတာ အတိအကျပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။ “အားလုံးပဲ ငါတို့ ဒီကနေ လွတ်အောင်ရုန်းကြမယ်”ဟုလည်း သမ္မတ Gabriel Boric ကဆိုသည်။



