မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားတွင် ဇန်နဝါရီ ၃၁ ရက်(ယနေ့)နံနက် ၇ နာရီ ၅၅ မိနစ်ခန့်က Level 1 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုသည် ပေါက်စီပြုလုပ်သည့်နေအိမ်မှ ခြင်ဆေးခွေထွန်းထားရာမှတဆင့် အနီးရှိထင်းပုံအား မီးစွဲလောင်ရာမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူကခြင်ဆေးခွေထွန်းထားပြီးတော့ ဧည့်သည်လိုက်ပို့စရာရှိတော့ မနက် ၇ နာရီကျော်လောက်မှာ တံခါးကိုသော့ခတ်ပြီးထွက်သွားတယ် အဲဒီမှာ ခြင်ဆေးခွေကအနားမှာရှိတဲ့ ထင်းပုံကိုမီးကူးပြီးလောင်သွားတာပါ နောက်ပြီးသူက ပေါက်စီကိုထင်းမီးနဲ့လုပ်ပြီး မီးကြွင်းမီးကျန်တွေထားခဲ့သလိုဖြစ်သွားတာလည်းပါတယ် ဒါကလည်း မီးသတ်တပ်ဖွဲ့ဝင်တွေ ဖြစ်စဥ်ကိုစစ်ဆေးပြီးတဲ့အချိန်မှာ ပြောပြလို့သိခဲ့ရတာပါ “ဟု မီးလောင်မှုအားဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
မီးလောင်မှုတွင် လူထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုများမရှိခဲ့ဘဲ စတင်လောင်ကျွမ်းခဲ့သည့် နေအိမ်၏ မီးဖိုခန်း၊အပေါ်ထပ်နှင့်ကပ်လျက်ရှိနေသည့် နေအိမ်အပေါ်ထပ်တို့ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်ဖြစ်သူ ဦးအောင်မိုးရှိန်အား အမှတ်(၈)မြို့မရဲစခန်းက (ပ)၂၆ /၂၀၂၃၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Photo-မာလာအရှေ့အရန်မီးသတ်


